တရုတ် နဲ့ ဗီယက်နမ် နယ်စပ်ကြားမှာရှိတဲ့ Ban Gioc ရေတံခွန်ဟာ Karst တောင်ကုန်းများကြား ရှိတဲ့ ရေတံခွန်ကြီးပဲ ဖြစ်ပါတယ်။ ဟနွိုင်းမြို့ရဲ့ မြောက်ဘက် ၂၇၂ ကီလိုမီတာ ( ၁၆၉ မိုင် ) အကွာ မှာ တည်ရှိပြီး အာရှတိုက်က နာမည်အကြီးဆုံး ရေတံခွန်တစ်ခုပဲ ဖြစ်ပါတယ်။Ban Gioc ရေတံခွန်ဟာ တရုတ် နဲ့ ဗီယက်နမ် နှစ်နိုင်ငံ ပိုင်းခြားပေးထားတဲ့ Quay Son မြစ်အတွင်းကို စီးဝင်ပြီး ဗီယက်နမ်ရဲ့ အလှဆုံးရေတံခွန်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ရေတိုက်စားမှုတွေကြောင့် ကျောက်ဆောင်များ ပြိုလာပြီး ရေတံခွန် ၂ ခု ကွဲထွက်သွားတာမို့ ဗီယက်နမ်ဘာသာစကား " Ban Gioc " ၊ မြန်မာဘာသာနဲ့ဆို ရေတံခွန်နှစ်ခုတွဲလို့ ပြောလို့လည်း လူသိများပါတယ်။

Ban Gioc ရေတံခွန်ရဲ့ ရေတံခွန် ၂ ခုကို Thac chinh ( ပင်မရေတံခွန် ) နဲ့ Thac phu ( လက်အောက်ငယ် ရေတံခွန် ) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ Ban Gioc falls ဟာပြင်းထန်တဲ့ ရေစီးဆင်းမှုကြောင့် ရေကျသံကို ဟိုးအဝေးမှတောင် အမြဲတစေ ကြားနေရပြီး Iguazu ရေတံခွန် ၊ ဗစ်တိုးရီးယားရေတံခွန် နဲ့ နိုင်အာဂရာရေတံခွန်တို့ ပြီးရင် အကျယ် နယ်နိမိတ်အားဖြင့် စတုတ္ထ အကြီးဆုံး ရေတံခွန်ပဲ ဖြစ်ပါတယ်။ အမြင့်အားဖြင့် မီတာ ၃၀ ( ၉၈ ပေ ) မြင့်ပြီး မြင့်မားတဲ့ တောင်တန်း ၊ သစ်ပင်ပန်းမာန်များနဲ့ သာယာလှပါတယ်။ ဒါအပြင် Ban Gioc ရေတံခွန်ဟာ ရေ အလုံအလောက်ရရှိပြီး အာဟာရပြည့်ဝတဲ့ မြေဆီလွှာကြောင့် သစ်ပင်ပန်းမာန်မျိုးစုံ ပေါက်နိုင်ကာ ရင်သပ်ရှုမောဖွယ် ရှူခင်းတို့နဲ့ လတ်ဆတ်လှတဲ့ လေ တို့ကြောင့် နိုင်ငံရပ်ခြားခရီးသွားတို့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

တရုတ် - ဗီယက်နမ်နယ်စပ်မှာ ရှိတယ်ဆိုပေမဲ့ ၁၉၇၉ ခုနှစ် တရုတ် - ဗီယက်နမ်စစ်ပွဲ အပြီးမှာ Ban Gioc ရေတံခွန်ဟာ ဗီယက်နမ်နိုင်ငံရဲ့ ပိုက်နက်ဝင် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ Ban Gioc အနီး နေထိုင်တဲ့ ဒေသခံတွေကတော့ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး မတိုးတက်သေးတဲ့အပြင် လမ်းခရီးလည်း အနည်းငယ်ကြမ်းတာကြောင့် ရေတံခွန်ဟာ လူသိနည်းပြီး အရိုင်းဆန်ဆန် သဘာဝကျကျ လှပနေလျက် ရှိပါတယ်။ ဒါကြောင့် ဗီယက်နမ်နိုင်ငံကို ရောက်တဲ့အခါ တစ်နေရာထဲနဲ့ ရေတံခွန် ပုံစံ နှစ်မျိုးကို တွေ့နိုင်မဲ့ အရိုင်းဆန်ဆန်လှတဲ့ Ban Gioc ရေတံခွန်ကို တစ်ခါလောက်တော့ ရောက်ဖူးအောင် သွားကြည့်သင့်ပါတယ်။
