ကန္တာရ မိုးဖား သို့မဟုတ် ဦးခေါင်းတိုဖား လို့ခေါ်တဲ့ desert rain frog ဟာ Bervicipitidae မိသားစုက ဆင်းသက်လာတဲ့ ဖားမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ် နဲ့ သဲသောင်ပြင်ကြားရှိ ကျဉ်းမြောင်းတဲ့ သဲသောင်ပြင်တွေမှာ နေထိုင်လေ့ ရှိကြပါတယ်။ ကန္တာရမိုးဖားတွေဟာ အခြားဖားတွေနဲ့ မတူဘဲ မျက်လုံးပြူးပြူး ၊ နှာတံတိုတို ၊ ဘောလုံးပုံ ဝတုတ်တုတ် ခန္ဓာကိုယ် ၊ ခြေလက်ပုပု နဲ့ စူပုတ်နေသဏ္ဍာန်ရှိ အကောင်ကြီး ဖားမျိုးစိတ်လည်း ဖြစ်ပါတယ်။ အရွယ်အစားမှာ ၄ မှ ၆ စင်တီမီတာ ( ၁.၆ မှ ၂.၄ လက်မ ) အကြား ရှိနိုင်ပြီး အရေပြားအရောင်မှာ အဝါရင့်ရောင် နဲ့ အညိုကွက်အစင်းလေးတို့နဲ့ ပုံဖော်ထားပါတယ်။

အခြားဖားမျိုးစိတ်တွေနဲ့ မတူတဲ့ desert rain frog တွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ချက်ကတော့ ဥမှတစ်ဆင့် ဖားတစ်ပိုင်းငါးတစ်ပိုင်း သားလောင်းအဆင့် မရှိဘဲ ဥ မှ တစ်ခါတည်း အကောင်ပေါက်တဲ့ ရှားပါး ဖားမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒါအပြင် သူတို့ရဲ့ တုတ်ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် ပုံမှန်အားဖြင့် ခုန်ဆွခုန်ဆွ သွားလေ့ မရှိဘဲ သဲပေါ်မှာ လမ်းလျှောက်သွားလေ့ ရှိကာ ကုန်းပေါ်မှာ ရေမလိုဘဲ အချိန်ကြာကြာ ရှင်သန်နိုင်ကြပါတယ်။ ပျမ်းမျှဘဝ သက်တမ်းမှာ ၄ နှစ် မှ ၁၄ နှစ်အထိ ရှင်သန်နိုင်ကြပြီး တောင်အာဖရိက နဲ့ နမီးဘီးယားရှိ တောင်အာဖရိကရဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် သဲကန္တရ ၊ သဲသောင်ပြင်တွေမှာသာ တွေ့ရတတ်ပါတယ်။ ကန္တရမိုးဖားတွေဟာ ရေအလွန်နည်းတဲ့ မိုးနည်း ၊ ခြောက်သွေ့ဒေသတွေမှာ မြေအောက်မှာ နေထိုင်ရှင်သန်ကြပြီး မြေဆီလွှာက ရေဓာတ်ကို အရေးပြားကတစ်ဆင့် စုပ်ယူနိုင်တဲ့ ထူးထူးခြားဖားမျိုးစိတ်ပဲ ဖြစ်ပါတယ်။

ဇွန်လ နဲ့ အောက်တိုဘာလကြားမှာ မိတ်လိုက်ရာသီဖြစ်ပြီး ထိုကာလမှာ ကန္တာရမိုးဖား အထီးတွေဟာ မြေအောက်က ထွက်လာပြီး ထူးခြားတဲ့ အော်သံကို ထုတ်လွှတ်ကာ ဖားအမ တွေကို ဆွဲဆောင်တတ်ပါတယ်။ အဲ့အခါ ဖားအထီးကို စိတ်ဝင်စားတဲ့ ဖားအမကလည်း မြေအောက်မှ ထွက်လာပြီး ၎င်းတို့ တစ်စုံဟာ မြေအောက်မှာ မိတ်လိုက်ခြင်းကို ပြုလုပ်ကြပါတယ်။ ကန္တာရမိုးဖား အမတစ်ကောင်ဟာ တစ်ခါမျိုးပွားရင် သားဥ ၁၂ လုံး မှ ၄၀ အထိ ဥကြပါတယ်။ ထူးခြားတဲ့ ပုံသဏ္ဍာန် နဲ့ ထူးခြားစွမ်းအင်တွေရှိတဲ့ ကန္တာရမိုးဖားတွေဟာ သတ္တုတူးဖော်ရေး နဲ့ ခရီးသွားလာဖို့ရာ လမ်းဖောက်ခြင်းတို့ကြောင့် နေထိုင်ကျက်စားရာဒေသများစွာ ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာတော့ မျိုးတုန်းမယ့် အန္တာရာယ်ရှိနေတဲ့ ထိန်းသိမ်းရမယ့် ဖားမျိုးစိတ်လေး တစ်မျိုးပဲ ဖြစ်ပါတယ်။
