" Thale Noi Non - Hunting Area " ဟာ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖာသာလန်းခရိုင်မှာ တည်ရှိတဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး သဘာဝရေချိုကန်ထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ထိုင်းဘာသာ " Thal Noi " ဟာ အင်္ဂလိပ်ဘာသာဖြင့် " ပင်လယ်သေ " လို့ အဓိပ္ပာယ်ရပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ၁၉၇၅ ခုနှစ်မှာ စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး ဇူလိုင်လဟာ အပူဆုံးလ ဖြစ်ပါတယ်။ " Thal Noi Non - Hunting Area " ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေကန်ကြီးဖြစ်တဲ့ Songkhla Lake Basin ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဧရိယာ ( ၃၁၀၀ စတုရန်းမိုင် ) ကျော် ကျယ်ဝန်းပါတယ်။
ဒါ့အပြင် ဇီဝမျိုးကွဲသက်ရှိ များစွာ ရှိတဲ့ ရေတိမ်ဒေသတစ်ခုဖြစ်ပြီး သစ်ပင်ပန်းမန် များစွာ နဲ့ မြောက်နဲ့တောင်မှာ ထူထပ်တဲ့ Melaleuca သစ်တောတွေ ရှိပါတယ်။ " Thal Noi " ကန်ရဲ့ အရှေ့ဘက်ခြမ်းမှာ စပါးခင်းများရှိပြီး ငှက်မျိုးစိတ်များ ၊ ငါးမျိုးစိတ်များ ၊ နို့တိုက်သတ္တဝါမျိုးစိတ်များ ၊ တွားသွားသတ္တဝါမျိုးစိတ်များ နဲ့ အပင်မျိုးစိတ်ပေါင်း ၅၀ မျိုးလောက်ရှိတယ်လို့ သိရပါတယ်။ " Thal Noi " ဘေးမဲ့ရေကန်ရဲ့ ထူးခြားချက်ကတော့ ပန်းရောင် ကြာပွင့်များ အများအပြား ပေါက်ရောက်တာပဲ ဖြစ်ပါတယ်။ ပိတ်ရက်တွေမှာ ပန်းရောင်ကြာပွင့်တွေ ကြည့်ဖို့ " Thal Noi " ကို လာတဲ့ ခရီးသွား များစွာ ရှိခဲ့ပြီး နိုင်ငံရဲ့ ဝင်ငွေစီးဆင်းမှုလည်း များစွာ ရရှိကြပါတယ်။ ဒီလို ခရီးသွားတွေ လာရောက်လည်ပတ်တာဟာ ကန်ထဲရှိ အပင်မျိုးစိတ် နဲ့ အချို့ သတ္တဝါမျိုးစိတ်တွေအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ရရှိခဲ့ပါတယ်။
စီးပွားရေးဆန်ဆန် ဖြစ်လာတဲ့ " Thal Noi " ဘေးမဲ့သဘာဝ ရေချိုကန်ဟာ လူသားတို့ရဲ့ စည်းကမ်းမဲ့အပြုအမူတွေ နဲ့ ထိန်းသိမ်းမှု လျော့နည်းတာတွေကြောင့် ရှားပါးအပင်မျိုးစိတ်အချို့ မျိုးတုန်းခဲ့ရပြီး လက်ရှိမှာတော့ " Thal Noi " ရေကန်ထဲမှာ အပင်မျိုးစိတ် ၂၅ မျိုးသာ ကျန်တော့တယ်လို့ ဆိုပါတယ်။ " Thale Noi " ရေကန်ဟာ မြန်မာနိုင်ငံ က နိုင်ငံကိုယ်စားပြု " အင်းလေးကန် " ကို သတိရစေပြီး ထိုင်းနိုင်ငံရဲ့ အမွေအနှစ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု တွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ " Thale Noi " ကန်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို အပင်ခူးခြင်း ၊ ရေထဲအမှိုက်လွင့်ပစ်ခြင်းများ ၊ ငါးဖမ်းခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။