ဆွီဒင်သဘာဝပညာရှင် Linnaeus က ၁၇၅၈ ခုနှစ်မှာ တရားဝင်ဖော်ပြခဲ့တဲ့ Psittacidae မျိုးရင်းဝင် African grey parrot ဟာ Old World ကြက်တူရွေးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာဖရိကမီးခိုးရောင်ကြက်တူရွေးတွေကို အင်ဂိုလာ ၊ ကင်မရွန်း ၊ ကွန်ဂို ၊ အိုင်ဗရီကို့စ် ၊ ဂါနာ ၊ ကင်ညာ နဲ့ ယူဂန်ဒါ တို့အပါအဝင် အာဖရိကတဝန်းမှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။ မီးခိုးရောင်ကြက်တူရွေးတွေဟာ အလယ်အလတ်ကြီးတဲ့ ကြက်တူရွေးငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး မီးခိုးရောင် နဲ့ အနက်ရောင် အမွှေးရှည်နဲ့ မျက်လုံးတဝိုက်က အဖြူရောင် အကွင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ ခန္ဓာကိုယ်အရောင်နဲ့ တခြားစီဖြစ်နေတဲ့ လိမ္မော်နီရောင် အမြှီးက မီးခိုးရောင်ကြက်တူရွေးရဲ့ ထင်ရှားတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။

ဒီကြက်တူရွေးတွေဟာ အလေးချိန် ပျမ်းမျှ ၄၀၀ ဂရမ် ( ၁၄ အောင်စ ) ရှိပြီး အရှည်ကတော့ ၃၃ စင်တီမီတာ ( ၁၃ လက်မ ) ဝန်းကျင် ရှိပါတယ်။ အသက် ၃ နှစ် မှ ၅ နှစ်ကြားမှာ အရွယ်ရောက် မျိုးပွားကြပြီး တစ်ခါမျိုးပွားရင် ဥ ၃ ဥ မှ ၅ ဥ ပေါက်လေ့ရှိပါတယ်။ ကြက်တူရွေးပေါက်များဟာ မွေးဖွားပြီး ၁၂ ပတ်ကြာမှသာ အသိုက်မှ စွန့်ခွာကြတာကြောင့် အရွယ်ရောက်ဖို့ ၃လဝန်းကျင်ကြာတဲ့ ငှက်မျိုးစိတ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ပျမ်းမျှဘဝသက်တမ်းမှာ ၂၃ နှစ်ရှိပြီး လူတွေနဲ့လည်း လိုက်လျောညီထွေ နေထိုင်နိုင်တာကြောင့် စနစ်တကျ ပြုစုစောင့်ရှောက်မယ်ဆိုရင်တော့ နှစ် ၄၀ ကနေ ၅၀ လောက်ထိ ရှင်သန်နိုင်ကြပါတယ်။ ဒီကြက်တူရွေးတွေဟာ သူတို့ကြားရတဲ့ အသံမျိုးစံကို တုပနိုင်တဲ့အပြင် ဉာဏ်အကောင်းဆုံး ကြက်တူရွေးမျိုးစိတ်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။

သစ်တောသီး ၊ လိမ္မော်သီး ၊ သလဲသီး ၊ ပန်းသီး ၊ ငှက်ပျောသီး စတဲ့ အသီးအနှံတွေကို အဓိကစားသုံးကြပြီး သူတို့ရဲ့ ဉာဏ်ရည်ဟာ ၅ နှစ်သားကလေးရဲ့ စွမ်းရည် ထက်ကို ကျော်လွန်တယ်လို့ ဆိုကြပါတယ်။ မီးခိုးရောင်ကြက်တူရွေးတို့ရဲ့ အခြားကြက်တူရွေးတွေနဲ့ မတူဘဲ ထူးခြားတဲ့ အရောင်အဆင်း နဲ့ ဉာဏ်ရည်ကောင်းမွန်မှု တို့ကြောင့် လူသားတို့ များစွာ သဘောကျကြပြီး ဖမ်းဆီးမွေးမြူကြပါတယ်။ စနစ်တကျ မွေးမြူတာမဟုတ်တဲ့အခါ မီးခိုးရောင် ကြက်တူရွေးအများအပြား သေဆုံးခဲ့ရပြီး လက်ရှိမှာတော့ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ မီးခိုးရောင် ကြက်တူရွေးတွေကို မွေးမြူတာဟာ တရားမဝင်ဘူးလို့ သတ်မှတ်ထားကြပါတယ်။