အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းမှာ အများဆုံး တွေ့ရတဲ့ Micrurus fulvius မြွေတွေကို သန္တာမြွေလို့လည်း ခေါ်ပါတယ်။ ဖလော်ရီဒါ ကုန်းမြင့်ရှိ mesophytes အပင်များ ၊ ထင်းရှူးပင်များ ၊ ဝက်သစ်ချပင်များ ရှိတဲ့နေရာတွေမှာ ရှင်သန်နေထိုင်ကြပါတယ်။ အမြှီးအထိ စုစုပေါင်းအရှည် ၈၀ စင်တီမီတာ ( ၃၀ လက်မ ) ဝန်းကျင်ရှိပြီး မြွေအမတွေဟာ ပိုရှည်တတ်ကြပါတယ်။ အဝါ ၊ အနက် နဲ့ နီညိုရောင် တို့ အချိုးအဆ ညီမျှစွာ အစင်းလိုက်ဖြစ်နေတဲ့ အရေခွံ နဲ့ အမေရိကန်သန္တာမြွေတွေဟာ ဒီတိုင်းကြည့်မယ်ဆိုရင်တော့ အတော်ကို အရောင်စုံပြီး လှတဲ့ မြွေတစ်မျိုးပဲ ဖြစ်ပါတယ်။

နှာထိပ်ကနေ မျက်လုံးအနောက်ထိ ဦးခေါင်းအလယ်ပိုင်းမှာ အနက်ရောင်ဖြစ်ပြီး အဝါရောင် အကွင်းလေးများနဲ့ စူးရှတောက်ပတဲ့ အနက်ရောင် မျက်လုံးတို့ ပါရှိပါတယ်။ အမေရိကန်သန္တာမြွေတွေဟာ အခြားမျိုးတူမြွေတွေ အပါအဝင် အိမ်မြှောင် ၊ ငှက် ၊ ဖား ၊ ငါး ၊ အင်းဆက် နဲ့ မြွေငယ်များကိုပါ စားကြပါတယ်။ ဒီမြွေတွေမှာ ပြင်းထန်တဲ့ နူရိုအဆိပ်တစ်မျိုးပါဝင်ပြီး သားကောင်ကို ဖမ်းတဲ့အခါမှာ သားကောင်ရဲ့ဦးခေါင်းကို အရင်ဆုံး အဆိပ်မိစေပြီး သူတို့ရဲ့ အဆိပ်ဟာ သားကောင်ကို အကြောသေစေပြီး အသက်ရှူလမ်းကြောင်းရပ်တန့်စေပါတယ်။ ဒါပေမယ့် သန္တာမြွေတွေရဲ့ အဆိပ်ဟာ လူသားတွေကိုတော့ သေဆုံးတဲ့အထိ မဖြစ်ပါဘူး။

အမေရိကန်သန္တာမြွေကြောင့် သေဆုံးမှုမှာ ရှားပါးပြီး သူတို့ကြောင့် သေဆုံးခဲ့တဲ့ နောက်ဆုံး လူသားသေဆုံးမှုမှာ ၂၀၀၆ ခုနှစ်က ဖြစ်ပါတယ်။ ဒီမြွေတွေဟာ ဇွန်လမှာ ဥဥကြပြီး တစ်ခါ ဥ ရင် ဥ ၃ လုံးကနေ ၁၂ လုံးထိ ပေါက်လေ့ရှိပါတယ်။ စက်တင်ဘာလမှာ ဥများ အကောင်ပေါက်လေ့ရှိပြီး အရွယ်ရောက်ဖို့ ၁၁ လ မှ ၁၆ လကြား ကြာပါတယ်။ အမေရိကန်သန္တာမြွေတွေရဲ့ အဆိပ်ဟာ လူသားတွေကို သေဆုံးတဲ့အထိ မဖြစ်ပေမယ့် အသက်ရှူလမ်းကြောင်း နဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်နိုင်တာမလို့ သွားမကိုင်သင့်တဲ့ အဆိပ်ရှိ မြွေမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။





