ဒီဖားမျိုးစိတ်သည် စတော်ဘယ်ရီသီးကဲ့သို့အနီရောင်ကိုယ်ခန္ဓာနဲ့ အမဲရောင်အစေ့စက်များ ၊ အပြာရောင်ခြေလက်များ ကြောင့် စတော်ဘယ်ရီသီးဖား သို့မဟုတ် ဂျင်းအပြာနဲ့ဖား လို့ ၁၉၉၀ ကာလဝန်းကျင်မှာ လူသိများခဲ့ပါတယ်။ ဖားမျိုးစိတ်များထဲတွင် အကောင်အရေအတွက်အများဆုံးရှိတယ်လို့ ဆိုကြပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးတွင်တော့ ရှားပါးပြီးဈေးကြီးတဲ့ ဖားတစ်မျိုးပဲဖြစ်ပါတယ်။ သိပ္ပံအမည် အိုဖာဂါ ပူမီလီယိုနဲ့ စတော်ဘယ်ရီဖားတို့သည် နေ့ဘက်တွင်အစာရှာလှုပ်ရှားကြပြီး ညဘက်တွင်သိပ်မတွေ့ရတဲ့ အဆိပ်ပြင်းတဲ့ဖားတစ်မျိုးပဲဖြစ်ပါတယ်။

လူသူကင်းဝေးတဲ့ စွန့်ပစ်ဧရိယာတောတောင်နေရာများ စိုထိုင်းသောမြေနိမ့်ပိုင်း နဲ့ ကြီးမားကျယ်ပြန့်သော သစ်တောများရှိ အပင်ရွက်များတွင် နေထိုင်ကြပြီး အမေရိကတိုက်အလယ်ပိုင်း ၊ အရှေ့နီကာရာဂွာမြို့အလယ်ပိုင်းမှ ကော့စတာရီကာ နဲ့ ပန်နာမာမြို့ အနောက်မြောက်ပိုင်း တို့တွင်ကျယ်ပြန့်စွာတွေ့ရပါတယ်။ အရောင် ၁၅မျိုးမှ ၃၀မျိုးထိရှိနိုင်ပြီး တောက်ပသောအရောင် ၊ အတော်လေးသေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ ခန့်မှန်းခြေ ၁၇.၅ - ၂၂ မီလီမီတာ ( ၀.၆၉ - ၀.၈၇ လက်မ ) သာရှိကြပါတယ်။ စတော်ဘယ်ရီဖားအမများသည် သစ်ရွက်များအပေါ် သို့မဟုတ် အပင်ရဲ့ ရိုးတိုင်များတွင် ဥ ၃လုံးမှ ၅ လုံးအထိ ဥကြပြီး ထိုဥများကို ဖားအထီးများက သူတို့ရဲ့ cloaca မှရေသယ်ဆောင်လာကာ ဥများရှင်သန်ပေါက်ဖွားဖို့ ရေများထုတ်ပေးပါတယ်။

၁၀ရက်ခန့်ကြာပြီးတဲ့နောက် ဥများအကောင်ပေါက်ခါနီးအခါများတွင် ဖားအမများသည် သူတို့ရဲ့ကျောပေါ်တွင် ဖားတစ်ပိုင်းငါးတစ်ပိုင်းသားလောင်းများကို သယ်ဆောင်ကာ ရေစပ်ကမ်းစပ်များသို့ပို့ဆောင်ရှင်သန်စေပါတယ်။ ထူးထူးခြားခြား သစ်ပင်ပေါ်မှာ ဥဥတဲ့ ဖားမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ စတော်ဘယ်ရီဖားများသည် သူတို့ရဲ့ထူးခြားတဲ့အရောင် ၊ life cycle တွေကြောင့် ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပြီး တစ်ကောင်လျှင် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ ၇၅ဒေါ်လာထိ တန်ဖိုးရှိကြပါတယ်။




