ဘီစီ ၆ ရာစု မြောက်ဉီးခေတ်ကပင် စတင်ဖြစ်တည်လာသော ရိုးရာပွဲတော်ဖြစ်သည်။ ကျင်၏ အဓိပ္ပာယ်ကား “ကျားနှင့်ယင်” စကားလုံးနှစ်လုံးပေါင်းစပ်ထားခြင်းဖြစ်၏။ ကျားဟူသည်ကား ရဲရင့်၏ ၊ ယင်ဟူသည်ကား မြန်၏ ။ ထို့ကြောင့် “လျင်မြန်သောကျား” ဟု အဓိပ္ပာယ်ရကာ ရခိုင်စကားအရ ကျင်ဟုသာ သုံးနှုန်းခေါ်ဆိုကြသည်။
ကျင်ကိုင်ပွဲတွင် ပါဝင်လိုသူများသည် လူတိုင်းပါဝင်နိုင်သည်မဟုတ်၊ ရွှေမောင်း ၊ ငွေမောင်းဟု အမျိုးအစားခွဲကာ ခန္ဓာကိုယ်အချိုးအစား၊ ကြံ့ခိုင်မှုတို့စီစစ်ပြီးမှသာ ယှဉ်ပြိုင်နိုင်သည်။ ကျင်ကိုင်ပွဲ ယှဉ်ပြိုင်ခြင်းသည် ရဲစွမ်းသတ္တိပိုတိုးစေကာ ကြောက်ရွံ့စိတ်များကင်းဝေးစေသည်။ နှစ်ဉီးနှစ်ဖက်လုံး တစ်ပြိုင်နက် သူပြိုင်ကိုယ်ပြိုင် တိုက်ခိုက်ရသည်မဟုတ်ဘဲ ခုခံကာကွယ်သူနှင့် ဖမ်းဆီးသူဟူ၍ ဒိုင်လူကြီးမှ ခေါင်းပန်းလှန်ကာ ရွေးချယ်ဆုံးဖြတ် ပြိုင်ဆိုင်စေသည်။
ဂျူဒို၊ ကရာတေးအားကစားများကဲ့သို့ အထိနာစေရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသည်မဟုတ်ပါ။ ခြေထောက်နှင့် လက်ကို အဓိကအသုံးပြုကာ မြေပြင်ပေါ်သို့ အရင်လဲကျအောင်ပြုလုပ်ခြင်း၊ ခုခံကာကွယ်သူက ဖမ်းသူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း အစရှိသည့် အချက်များနှင့်သာ အနိုင်၊ အရှုံး ဆုံးဖြတ်ပေးခြင်းဖြစ်သည်။အမျိုးသားရေး လက္ခဏာကို အဓိကဖော်ဆောင်သည့် အားကစားရိုးရာ ကျင်ကိုင်ပွဲသည် ရခိုင်လူမျိုးတို့၏ တန်ဖိုးထား လက်ဆင့်ကမ်းသည့် ရိုးရာအမွေအနှစ် တစ်ခုဖြစ်ပါသည်။