တောင်လို့ပြောလိုက်တာနဲ့ စာဖတ်သူတွေရဲ့မျက်စိထဲမှာကြီးမားတဲ့တောင်တန်းကြီးတွေနဲ့ အနည်းငယ် ရှည်လျားတဲ့တောင်ကုန်းကြီးတွေကိုပဲမျက်စိထဲမြင်မိကြမယ်ထင်ပါတယ်။သေးငယ်ပြီးချစ်စရာကောင်းတဲ့သဘာဝတောင်ကုန်လေးတွေကိုတော့သိရှိသူအတော်ရှားပါးပါတယ်။ဖိလစ်ပိုင်နိုင်ငံ Bohol ကျွန်းပေါ်မှာရှိတဲ့ Chocolate Hills အမည်ရချော့ကလပ်တောင်ကုန်းများဟာတော့ခရီးသွားများနဲ့ဒေသခံပြည်သူများ အတွက်လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပါပဲ

Bohol ကျွန်းရဲ့အလယ်မှာရှိတဲ့ တောင်ကုန်များဟာတောင်တန်းကြီးများနဲ့မတူဘဲသေးငယ်တဲ့ ကန်တော့ ပုံစံနဲ့ထူးခြားနေကာလူတို့ဖန်တီးထားသော တောင်ကုန်းများဟုပင်ထင်နိုင်ပါတယ်။ ကျွန်းရဲ့အလယ်မှာတောင်ကုန်းပေါင်း၁၇၀၀ ကျော်ရှိကာ ခြောက်သွေ့ရာသီတွေမှာ သစ်ရွက်စိမ်းစိမ်းစိုစိုတို့ဟာ အညိုရောင်သစ်ရွက်များအဖြစ်ပြောင်းသွားတတ်ကာ ထိုအချိန်များမှာတောင်ကုန်းများရဲ့ပုံသဏ္ဍာန်ဟာ Chocolate Hills ဟူသောအမည်ဖြင့်ထပ်တူကျစေပါတယ်။ဒေသခံများရဲ့ဒဏ္ဍာရီများကမူ တောင်ကုန်းများဟာကြီးမားတဲ့ သတ္တဝါတစ်ဦးမှ ၎င်းရဲ့ချစ်ရသူအမျိုးသမီးသေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကြောင့်ကျလာသော မျက်ရည်များမှဖြစ်လာကြောင်းဆိုကြပါတယ်

ယူနက်စကိုရဲ့ပြောဆိုချက်အရ ဒီတောင်ကုန်းများဟာသန္တာကျောက်တန်းများကြီးမားလာပြီး မိုးရေ တိုက်စားခံရခြင်းကြောင့် ယခုကဲ့သို့ထူးခြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်ချော့ကလပ် တောင်ကုန်းများကို ဖိလစ်ပိုင်နိုင်ငံရဲတတိယမြောက်ဘူမိဗေဒဆိုင်ရာအထိမ်းအမှတ် နေရာတစ်ခုအဖြစ် ၁၉၈၈ ခုနှစ်မှာသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ထိုထူးခြားသောအသွင်နဲ့ ဆန်းပြားနေတဲ့တောင်ကုန်းများဟာ ဖိလစ်ပိုင်နိုင်ငံအတွက်တော့ နိုင်ငံ့ဝင်ငွေတိုးစေတဲ့ခရီးသွားနေရာတွေထဲကတစ်ခုဖြစ်နေပါတယ်





