တိရိစ္ဆာန်လောကမှာ အရွယ်အစားကြီးရင် ပိုသန်မာတဲ့အတွက် ပိုကောင်းမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အရွယ်အစားကြီးတိုင်းလည်းမကောင်းပါဘူး။ လျင်မြန်စွာလှုပ်ရှားခွင့်မရသလို အစားအသောက်ရှားပါးတဲ့ပြဿနာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အရွယ်အစားသေးတဲ့တိရိစ္ဆာန်တွေကတော့ ပုန်းအောင်းဖို့ရန်အတွက် ကျဥ်းမြောင်းတဲ့နေရာမှာ ဝင်ရောက်နိုင်ခြင်း၊ သေးငယ်တဲ့အကိုင်းအခက်တွေမှာ လျင်မြန်စွာတက်နိုင်ခြင်းစတဲ့ ကောင်းကျိုးတွေအပြင် အစားသောက်အရင်းမြစ်တွေအတွက်လည်း များစွာပူပင်နေစရာမလိုပါဘူး။

ဒီလိုသေးငယ်တဲ့တိရိစ္ဆာန်တွေထဲမှာ အီရူစကန်ကြွက်တွေလည်း အပါဝင်အဖြစ်ပါတယ်။ အီရူစကန်ကြွက်တွေဟာ ကမ္ဘာ့အသေးဆုံးနို့တိုက်သတ္တဝါတွေဖြစ်ပြီး ရှေးကျတဲ့တိရိစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ သူတို့ကို အဖြူရောင်သွားပါတဲ့ ကြွက်စုတ်ငယ်လို့လည်း ခေါ်ဆိုကြပါတယ်။

သူတို့ရဲ့အလေးချိန်ဟာ ၀.၁၄ အောင်စအောက်ရှိပြီး ၁.၅၇ လက်မခန့်သာ ရှည်ပါတယ်။ အရွယ်အစားကသေးငယ်ပေမယ့် လှုပ်ရှားမှုနှင့် အစာချေဖျက်မှုနှုန်းက အရမ်းမြန်ပါတယ်။ တစ်ရက်အတွင်းမှာ သူတို့ခန္ဓာကိုယ်ထက် နှစ်ဆလောက်များတဲ့ အစားအစာကို စားသုံးတတ်ကြပါတယ်။

သူတို့မှာ သာမန်ထက်ပိုကြီးတဲ့ဦးခေါင်းကိုပိုင်ဆိုင်ထားပြီး ရှည်လျားတဲ့နှာခေါင်းတွေလည်းရှိပါတယ်။ သူတို့ရဲ့အမွေးတွေဟာ ဆောင်းရာသီရောက်တဲ့အခါ ပိုရှည်လာတတ်ပါတယ်။ ခေါင်းတစ်ဝိုက်မှာရှိတဲ့ အမွေးတွေဟာ ညဖက်အစာရှာထွက်တဲ့အချိန်တိုင်း ရှည်လာတတ်ပါတယ်။ သူတို့ကို အာရှ၊ အာဖရိကတိုက်နှင့် ဥရောပတိုက်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။





