ချယ်ဆီးဆိုလို့ အင်္ဂလန်ဘောလုံးကလပ် ချယ်ဆီးကိုပြေးမမြင်လိုက်ပါနဲ့..။ ယခုဖော်ပြထားတဲ့ချယ်ဆီးကတော့ အမေရိကန်နိုင်ငံ၊ မက်ချီကန်ပြည်နယ်မှာရှိတဲ့ ချယ်ဆီးမြို့ဖြစ်ပါတယ်။ ဒီမြို့မှာ အံ့ဩစရာကောင်းတဲ့ အမွေးရှည်ဆင်တွေရဲ့ အရိုးကို ရုတ်တရက်တူးဖော်ရရှိခဲ့ပါတယ်။ အမွေးရှည်ဆင်တွေဟာ ရှည်လျားတဲ့အမွေးအပြင် ကြီးမားဆူထွက်နေတဲ့ အစွယ်တွေကို ပိုင်ဆိုင်ထားပြီး မျိုးတုန်းသွားတဲ့တိရိစ္ဆာန်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။


အမွေးရှည်ဆင်ရဲ့အရိုးကို ၂၀၁၈ ခုနှစ်မှာ လူငယ်တစုဟာ မြောင်းတစ်ခုကိုတူးရင်းတွေရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာမြောင်းတူးရင်း ဆင်စွယ်နဲ့တူတဲ့အရိုးကိုတူးမိတာကြောင့် တအံ့တဩဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် အဆိုပါနေရာတစ်ဝိုက်ကို သတိထားပြီးဆက်တူးခဲ့ကြပါတယ်။ အချိန်အနည်းငယ်အကြာမှာတော့ သူတို့ဟာ အမွေးရှည်ဆင်တစ်ကောင်ရဲ့အရိုး ၂၀ ရာခိုင်နှုန်းကို တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ဒီအရိုးတွေကိုလည်း အခြားအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ အပြင်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။


အမေရိကန်မှာ အမွေးရှည်ဆင်ရဲ့အရိုးတွေကိုတွေ့ရှိရတာဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ အကြောင်းကတော့ အမွေးရှည်ဆင်တွေဟာ မြောက်အမေရိကမှာ ရှင်သန်ကျက်စားခဲ့ကြလို့ပါ။ ဒီအချက်ကိုတော့ လူတော်တော်များများက မေ့နေကြပါပြီ။





