ပိုးကောင်လေးတွေဟာ အမျိုးအစား၊ အရွယ်အစားစုံရှိနေကြပြီး အပင်တွေပေါ်မှာ အများဆုံးရှိနေတတ်ကြပါတယ်။ သီးနှံတွေကို အဓိကစားသုံးကြပြီး အများစုကတော့ လူတွေအတွက် အန္တရာယ်မရှိပါဘူး။ ဒီလိုပိုးကောင်လေးတွေမှာ မြွေနဲ့တူတဲ့ပိုးကောင်ငယ်လေးတွေရှိပြီး မြွေသားပေါက်တွေနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် မြွေနဲ့အနီးစပ်ဆုံးတူညီတဲ့ ပိုးကောင် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။

(၁) အနီရောင်ဟေလင်
အနီရောင်ဟေလင်ပိုးတုံးလုံးတွေဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတဲ့ ပျိုမြီးလိပ်ပြာအမျိုးအစားဖြစ်ပါတယ်။ သူတို့လေးတွေဟာ ရုတ်တရုတ်ကြည့်ရင် ချော့မွေ့တဲ့ အစိမ်းရောင်မြွေတွေနဲ့ ပုံသဏ္ဍာန်ချင်းဆင်တူနေပါတယ်။ ဒီလိုပိုးတုံးလုံးလေးတွေဟာ ဒေါသထွက်တဲ့အခါ ဆိုးရွားတဲ့အနံ့ကိုထုတ်ပေးနိုင်ပါတယ်။ ပိုးတုံးလုံးဘဝမှာ အစိမ်းရောင်ဖြစ်နေပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ အနက်ရောင်ပျိုမြီးလိပ်ပြာတွေအဖြစ်ပြောင်းလဲသွားကြပါတယ်။

(၂) စပိုက်ဗူး
စပိုက်ဗူးပျိုမြီးလိပ်ပြာတွေဟာ လိပ်ပြာတစ်ကောင်အဖြစ်သို့မပြောင်းမီ သားပေါက်နှင့် ပိုးတုံးလုံးအရွယ်မှာ အရောင်မျိုးစုံပြောင်းလဲကြပါတယ်။ မျက်လုံးကြီးတွေထွက်ပေါ်လာတဲ့ ပိုးတုံးလုံးအရွယ်မှာ သူတို့ဟာ မြွေပွေးသားပေါက်လေးတွေနဲ့ ဆင်တူနေတာဖြစ်ပါတယ်။ သူတို့လေးတွေဟာ ပိုးတုံးလုံးအရွယ်မှာ လိမ္မော်ရောင်သို့မဟုတ် အဝါရောင်ဖြစ်နေတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာ အများဆုံးတွေ့ရတတ်တဲ့ လိပ်ပြာမျိုးစိတ်တစ်ခုဖြစ်ပါတယ်။

(၃) လိမ္မော်ထိပ်ပိုးတုံးလုံး
လိမ္မော်ထိပ်ပိုးတုံးလုံးလေးတွေဟာ သူတို့နာမည်အတိုင်း လိပ်ပြာအရွယ်မှာ တောင်ပံထိပ်ဖျားဟာ အဝါရောင်ဖြစ်နေကြပါတယ်။ သူတို့မှာ မြွေနဲ့တူတဲ့မျက်လုံးတုလေးတွေရှိပါတယ်။ ပိုးတုံးလုံးတွေရဲ့ရန်သူဖြစ်တဲ့ ကြိုင်းကောင်တွေနဲ့ တိုက်ခိုက်တဲ့အခါ မြွေတွေတိုက်ခိုက်တဲ့ပုံစံအတိုင်း ခေါင်းကိုမော့ပြီး တိုက်ခိုက်တတ်ကြပါတယ်။ ခေါင်းပေါ်မှာရှိတဲ့ လိမ္မော်ရောင်နှင့် အပြာရောင်အမှတ်အသားတွေက မြွေနဲ့တူစေတဲ့ အဓိကအချက်တွေပါ။ သူတို့ကို အာရှတိုက်တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ တရုတ်နှင့် ဂျပန်တို့မှာ အဓိက တွေ့နိုင်ပါတယ်။

ဒီလိုပိုးတုံးလုံးလေးတွေက မြွေနဲ့တူပေမယ့် သူတို့မှာ အဆိပ်မရှိသလို အန္တရာယ်လည်းမရှိပါဘူး။ လှပတဲ့ လိပ်ပြာမျိုးစိတ်တွေဖြစ်တဲ့အတွက် တောထဲမှာရှာတွေ့ခဲ့ရင် အန္တရာယ်မပေးမိဖို့ သတိပေးလိုပါတယ်။