Amur leopard လို့ခေါ်တဲ့ ကျားသစ်တွေဟာ ကမ္ဘာ့အရှားပါးဆုံးကျားသစ်မျိုးစိတ်တစ်ခု ဖြစ်လာပါတယ်။ တောနက်ထဲမှာ အရွယ်ရောက်ပြီးသား Amur leopard မျိုးစိတ် အကောင် ၁၂၀ ခန့်သာ ကျန်တော့တယ်လို့ WWF website မှာ ဖော်ပြထားပါတယ်။

Amur ကျားသစ်တွေဟာ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ရဲ့ ကျယ်ပြန့်တဲ့သစ်တောတွေမှာ သီးခြားနေထိုင်ပြီး တစ်ကောင်တည်းအမဲလိုက်တတ်တဲ့ တိရစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့လှပတဲ့အမွေးတွေဟာ ကြမ်းတမ်းတဲ့ဆောင်းရာသီမှာ (၇) စင်တီမီတာအထိ ရှည်ထွက်နိုင်ပါတယ်။ ဒီအမွေးတွေကြောင့် သူတို့ဟာ အေးခဲတဲ့ရာသီဥတုကိုလည်း ကြံ့ကြံ့ခံနိုင်ပါတယ်။

အမဲလိုက်ခံရခြင်းကြောင့်မဟုတ်ဘဲ သူတို့ရဲ့နေထိုင်ကျက်စားရာနေရာမှာ သစ်ခုတ်ခြင်း၊ တောမီးလောင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးခြင်းတို့ကြောင့် Amur ကျားသစ်တွေရဲ့ ကျက်စားရာနေရာရှားပါးလာတဲ့အတွက် မျိုးသုန်းတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သို့ပေမယ့် သုတေသနပြုချက်အရ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် တရုတ်နှင့် ရုရှားမှာ အကောင်ရေအနည်းငယ်တိုးပွားလာကြောင်းသိရပါတယ်။ ဒီလိုတိုးပွားလာပေမယ့် Amur ကျားသစ်တွေဟာ ရှားပါးပြီး မျိုးသုန်းမယ့်အန္တရာယ်နဲ့ကြုံနေရဆဲဖြစ်ပါတယ်။

Amur ကျားသစ်တွေဟာ စိမ်းလန်းတဲ့မြက်ခင်းပြင် သို့မဟုတ် လူနေထူထပ်တဲ့ နေရာကိုရှောင်ရင်း ကိုရီးယားထင်းရှူးနှင့် ရွက်ကြွေတောရောနှောထားတဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။ Amur ကျားသစ်တွေဟာ တောရိုင်းတိရစ္ဆာန်ကောင်တွေဖြစ်ပေမယ့် သူတို့ရဲ့လှပတဲ့ အရောင်အဆင်းတွေက တောတောင်သဘာဝကို ပေါ်လွင်စေတဲ့အပြင် သစ်တောကြီးကိုလှပစေပါတယ်။
