မနက်ခင်းမှာ တက်ကြွလန်းဆန်းစေမယ့် နည်းလမ်းကောင်းများ..

//s9.kh1.co/3f/3f7a8ed9eb067a4430aa22123ce352625e26688e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၂-မတ်-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

ကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတွေ..

သင်ဟာမနက်စောစောမထနိုင်တဲ့သူလား။ ဒါမှမဟုတ် အစောကြီးထနေပေမယ့် အမြဲမလန်းမဆန်းဖြစ်နေလား။ ဒီလိုကိစ္စကို သင်တစ်ယောက်တည်းကြုံရတာ မဟုတ်ပါဘူး။ လူတော်တော်များများက ဒီပြသာနာကိုကြုံနေရပြီး အလုပ်မှာသော်လည်းကောင်း၊ တစ်နေ့တာလုပ်ဆောင်ချက်တွေမှာသော်လည်းကောင်း အခက်အခဲဖြစ်စေပါတယ်။ ဒီလိုပြသာနာကို ဖြေရှင်းဖို့အတွက် Lifestyle medicine ပရောဖက်ဆာတစ်ယောက်ဖြစ်တဲ့ Jessica Matthews က အကောင်းဆုံးနည်းလမ်းတွေကို အချက်ငါးချက်နဲ့ ရှင်းပြပေးခဲ့ပါတယ်။ 

တစ်ဆင့်ပြီး တစ်ဆင့်လုပ်ပါ

မနက် ဆယ်နာရီအိပ်ရာထတဲ့သူက ခြောက်နာရီကိုပြောင်းထတာ ပြသနာမရှိပေမယ့် နောက်ပိုင်းမကောင်းတဲ့ အကျိုးအဆက်တွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အလေ့အထအနေနဲ့ ဖြည်းဖြည်းချင်းလုပ်ဖို့လိုပါတယ်။ သင်ထနေကျအချိန်ထက် နာရီဝက်လောက်ကြိုထပြီး လုပ်စရာအလုပ်တွေကို လုပ်လိုက်ပါ။ နာရီဝက်က စတင်ပြီး နောက်ပိုင်းသင်လိုချင်တဲ့ အချိန်ထိ တဖြည်းဖြည်းရွှေ့ထားလို့ရပါတယ်။ တစ်ဆက်တည်းမှာ အိပ်ရာဝင်ချိန်ကိုရွှေ့ပြီး ပုံမှန်ထက်စောအိပ်ဖို့လိုပါတယ်။ ဒီနည်းလမ်းဟာ အစပိုင်းမှာခက်ခဲနိုင်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ သင့်ခန္ဓာကိုယ်နေသားကျလာမှာပါ။ "ငါဟာစောစောထပြီး အမြဲလန်းဆန်းနိုင်တဲ့ သူတစ်ယောက်" လို့ ကိုယ့်ဟာကို သတ်မှတ်ခြင်းကလည်း အတွေးအခေါ်ပိုင်းကို ပြောင်းလဲစေပြီး သင့်ကိုကူညီပေးပါတယ်။ 

ပုံမှန် အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို သတ်မှတ်ထားပါ

သင့်ရဲ့အိပ်ချိန်နှင့် ထချိန်ကို ပုံမှန်သတ်မှတ်ထားဖို့လိုပါတယ်။ အားလပ်ရက်တွေဖြစ်တဲ့ စနေနှင့် တနင်္ဂနွေမှာတောင် အချိန်မှန်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ခန္ဓာကိုယ်က ၂၄နာရီအတွင်းသတ်မှတ်ထားတဲ့ ပုံမှန်အိပ်ချိန်ပြောင်းလဲသွားပြီး အပတ်တိုင်း အစကပြန်စနေရနိုင်ပါတယ်။ 

လေ့ကျင့်ခန်းလုပ်ပါ

မနက်အိပ်ယာထပြီး လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့အတွေးအခေါ်တွေကို လတ်ဆတ်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့မနက်စာကို ကောင်းကောင်းစားသောက်နိုင်အောင်ကူညီပေးတဲ့အတွက် တစ်နေ့တာလုံးကို အားအင်အပြည့်နဲ့ဖြတ်သန်းစေပါတယ်။ မနက်စောစောလေ့ကျင့်ခန်းပြုလုပ်ခြင်းက ညဖက်စောစောအိပ်ပျော်စေနိုင်တယ်တဲ့ အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

အိပ်ချိန်ကို ဂရုစိုက်ပါ

လူတစ်ယောက်ရဲ့ တစ်ရက်အိပ်ချိန်ဟာ ၇-၈ နာရီအတွင်းရှိရပါမယ်။ ဒီအချိန်မှန်ဖို့အတွက် အိပ်ရာဝင်ချိန်ဟာ အရေးကြီးပါတယ်။ အိပ်ရာပေါ်မသွားခင် နာရီဝက်အတွင်း အလှပြင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေ ရှောင်ကြဥ်ဖို့လိုပါတယ်။ 

နေရောင်ခြည်ကို မှီခိုပါ

မနက်အိပ်ရာထချိန်မှာ နေရောင်ခြည်ရရှိနေခြင်းက သင့်စိတ်ကို တက်ကြွအောင်နိုးဆော်ပေးပါတယ်။ နေရောင်က အိပ်ယာထချိန်ကိုလည်း မှန်စေတဲ့အတွက် နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ နေရာမှာအိပ်စက်သင့်ပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T