၁၈၄၆ ခုနှစ် ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ် ၊ Tatamagouche ရွာမှာ Anna Haining Swan ဆိုတဲ့ အမျိုးသမီးကို မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘနှစ်ပါးလုံးက အရပ်အမောင်းနဲ့ ကိုယ်အလေးချိန် ပျမ်းမျှသာ ရှိတာကြောင့် ၁၆ ပေါင် ကိုယ်အလေးချိန် ရှိတဲ့ သမီးလေးမွေးဖွားလာချိန်မှာ အံ့သြနေခဲ့ပါတယ်။ Anna ဟာ ၄ နှစ်မပြည့်ခင်မှာ အရပ် ၄ ပေခွဲအထိ မြင့်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ နောက်ထပ် ၇ လက်မ အထိ ထပ်မြင့်လာခဲ့ ပါတယ်။

အသက် ၁၁ နှစ်မှာ ကိုယ်အလေးချိန် ပေါင် ၂၀၀ နီးပါးရှိပြီး အရပ် ၆ ပေ ၂ လက်မ ရှိပြီဖြစ်တာကြောင့် ဖခင်ထက်တောင် ရှည်နေပြီဖြစ်ပါတယ်။ ၇ နှစ်ကြာတဲ့အခါမှာတော့ အရပ်အမြင့် ၇ ပေ နဲ့ ၁၁ လက်မ ဖြစ်လာခဲ့ပါတယ်။ Anna အမေရိကန် ကို ခရီးထွက်တဲ့အတောအတွင်းမှာတော့ Kentucky ပြည်နယ်က Martin Van Buren Bates ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။

Martin က အရပ် ၇ ပေ ၉ လက်မ ရှိတဲ့ ကွန်ဖက်ဒရိတ်ဗိုလ်ကြီးတစ်ဦးဖြစ်ပြီးတော့ ချစ်စရာကောင်းတဲ့အပြင် စကားပြောချိုသာသူလည်းဖြစ်ပါတယ်။ နှစ်ယောက်သား ချစ်ကျွမ်းဝင်ခဲ့ပြီးတော့ တစ်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့ ဇနီးမောင်နှံကို “ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲ” အဖြစ် လူသိများကြပါတယ်။

Anna က ပထမဆုံးရင်သွေးဖြစ်တဲ့ မိန်းကလေးကို မွေးဖွားခဲ့ပြီးတော့ ကလေးဟာ ၁၈ ပေါင်နဲ့ မွေးပြီးပြီးချင်း သေဆုံးခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ဒုတိယမြောက်သားလေးကို နောက်ထပ် ဆောင်းရာသီမှာ မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန် ၂၃ ပေါင်၊ အရှည် လက်မ ၃၀၊ ခြေထောက်တစ်ဖက်စီက ၆ လက်မ စီရှိခဲ့ပါတယ်။ အကြီးဆုံး မွေးကင်းစ ကလေးငယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးတော့ Anna က ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလေးဟာ ၁၁ နာရီသာ အသက်ရှင်ခဲ့ပါတယ်။

၁၈၈၈ ခုနှစ်မှာ Anna ကွယ်လွန်ခဲ့ပြီးတော့ သူမဟာ သေဆုံးချိန်မှာ ၄၁ နှစ်အရွယ်သာရှိပါသေးတယ်။ ၁၉၁၉ ခုနှစ် Martin သေဆုံးတဲ့အခါမှာတော့ Anna ရဲ့ ဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဒီဇနီးမောင်နှံဟာ နှစ်ပေါင်း ၁၅၅ နှစ်ကြာပြီးနောက်မှာတောင် ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲအဖြစ်ရှိနေဆဲဖြစ်ပါတယ်။




