ခံတွင်းနံ့ဆိုးခြင်း (Halitosis) က လူမှုပတ်ဝန်းကျင်မှာ စိုးရိမ်စိတ်ဖြစ်ပေါ်စေပြီး အရှက်ရစေတတ်ပါတယ်။ ကျန်းမာရေးပြဿနာ၊ အစားအစာနဲ့ နေထိုင်မှုပုံစံမှားယွင်းနေတာတွေကြောင့် ခံတွင်းနံ့ဆိုးလာတာဖြစ်တယ်။ သွားတိုက်ဆေးနဲ့ ခံတွင်းအနံ့ပျောက်ဆေးတွေဆိုတာကလည်း ခံတွင်းအနံ့ဆိုးခြင်းကို ယာယီသာ ထိန်းချုပ်နိုင်တဲ့ ထုတ်ကုန်တွေဖြစ်ပြီး ခံတွင်းအနံ့ဆိုးခြင်းကိုတော့ ပျောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းအနံ့ဆိုးတာ အမြန်ပျောက်ချင်သူတွေအတွက် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

သွားမှန်မှန်တိုက်ပါ
သွားမှာရှိတဲ့ စေးကပ်တဲ့ အညစ်အကြေးတွေက ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ဖြစ်စေပြီး သွားမှာ ညပ်နေတဲ့အစာတွေကလည်း ခံတွင်းဆိုးတဲ့ ပြဿနာကို ပိုတိုးလာစေတာကြောင့် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်သွားတိုက်ပြီး တစ်ကြိမ်လောက်တော့ သွားသန့်စင်တဲ့ချည်ကြိုးအသုံးပြုပြီး သွားကြားကို သန့်စင်အောင်ပြုလုပ်ရပါမယ်။

ပါးစပ်ကို သေချာဆေးကြောပါ
ပါးစပ်ကို အရင်ဆုံး ရေနဲ့ သေချာလေးဆေးကြောပြီးမှ ခံတွင်းသန့်ဆေးအသုံးပြုခြင်းက ခံတွင်းနံ့ဆိုးတာ ဖြစ်စေမယ့် ဘက်တီးရီးယားပေါက်ဖွားခြင်းကို ထပ်ဆောင်းကာကွယ်မှုပေးမှာဖြစ်ပါတယ်။ ခံတွင်းသန့်ဆေး ရွေးတဲ့အခါမှာလည်း အနံ့နဲ့အရသာထက် ဘက်တီးရီးယား တကယ်ကာကွယ်ပေးတာကိုပဲ ရွေးချယ်အသုံးပြုသင့် ပါတယ်။ အစာစားပြီးတိုင်း ရေနဲ့ ပါးစပ်ကို ဆေးကြောပေးတာက သွားမှာ ကပ်နေတဲ့ အစာအမှုန်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ခံတွင်းနံဆိုးခြင်းကို ကာကွယ်ပေးပါတယ်။

လျှာခြစ်ပါ
လျှာမှာရှိတဲ့ အလွှာဟာ အနံ့အသက်ရှိတဲ့ ဘက်တီးရီးယားတွေအတွက် နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ဖယ်ရှားဖို့အတွက် လျှာကို သွားတိုက်တံဖြင့် ညင်သာစွာ ပွတ်ပေးပါ၊ လျှာအနောက်ဘက်မှာ အသုံးပြုဖို့အတွက် သွားတိုက်တံက ကြီးလွန်းတယ်ဆိုရင်တော့ ခြစ်တံကို အသုံးပြုပေးပြီး သန့်ရှင်းလို့ရပါတယ်။ ဒီလို လျှာခြစ်ခြင်းက သွားတိုက်ရုံနဲ့ ဖယ်ရှားလို့မရတဲ့ ဘက်တီးရီးယား၊ အညစ်အကြေး နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

ပါးစပ်မှာ အစိုဓာတ်ရှိပါစေ
ပါးစပ်မှာ တံတွေးအလုံအလောက်မထုတ်နိုင်ဘဲ ခံတွင်းခြောက်နေမယ်ဆိုရင် ခံတွင်းအနံ့အသက်ဆိုးစေတဲ့အပြင် သွားပိုးစားခြင်းလည်းဖြစ်စေပါတယ်။ ဒါကြောင့် ခံတွင်းခြောက်ပြီဆိုတာနဲ့ ရေများများသောက်ပေးရပါမယ်။ သကြားမပါတဲ့ ပီကေနဲ့ သကြားလုံးတွေကို သုံးစွဲပြီးတော့လည်း အစိုဓာတ်ရအောင် ပြုလုပ်နိုင်ပါတယ်။
အခုဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ခံတွင်းနံ့ကို မြန်မြန်ဖယ်ရှားလိုက်လို့ရပါတယ်။
source - fermeliadental





