မေလပိုင်း လောက်ကနေစတင်ပြီး ချင်းပြည်နယ်အတွင်းက မြို့နယ်အများအပြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာရှင်လူစုရဲ့ လောက်အောက်ခံ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေလည်း ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ လတ်တလောမှာလည်း အာဏာရှင်လူတစ်စုဘက်က ချင်းပြည်နယ်အတွင်း အင်အားသုံးကာ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ တွေ့ရပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော်(CNF)တပ်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ယခုမှာလည်း စတင်ဘာလ (၁၁)ရက်နေ့က CNF တပ်နှင့် ထန်တလန်ပြည်သူကာကွယ်ရေးတပ်(CDF_Thantang)တို့က ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာရှိ အာဏာရှင်လူတစ်စုရဲ့ အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ဒီရုပ်သံဖိုင်မှာတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲပြင်းထန်နေတာ တွေ့ရပါတယ်။ ကြားသိရတဲ့ သတင်းများအရ အဆိုပါ အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာရှင်လူတစ်စုဘက်က အကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။ ယင်းတိုက်ပွဲတွေကြောင့်ဒေသခံအများအပြားဟာ အိန္ဒိယပြည်နယ်၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - CDF_Thantang