မတည်ငြိမ်သေးတဲ့ အခြေအနေတွေကြောင့် အခုချိန်မှာ ပြည်သူတွေအနေနဲ့ အစစအရာရာ သွားသတိ လာသတိနဲ့နေနေရတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် မြို့ကြီးပြကြီးတွေမှာ ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေ ဖြစ်ပွားလာတာတွေ့ရသလို ယာဥ်တိုက်မှုဖြစ်စဥ်တွေလည်း များပြားလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ (၁၀) ရက်နေ့ညကလည်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်မှာ ယာဥ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။




မနေ့က ည(၁၀) နာရီဝန်းကျင်လောက်မှာ တောင်ဥက္ကလာမြို့နယ်၊ မေတ္တာလမ်းမှာရပ်ထားတဲ့ကားတစ်စီးကို နီညိုရောင်ကားတစ်စီးက ဝင်တိုက်သွားခဲ့တာ ဖြစ်ပါတယ် ။ အရှိန်ပြင်းပြင်းနဲ့ အတိုက်ခံလိုက်ရတဲ့ ကားကတော့ ရစရာမရှိလောက်အောင် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ် ။ ရပ်ထားတဲ့ကားကို တိုက်သွားတဲ့အပြင် အနီးအနားက အုတ်ခုံတစ်ခုနဲ့ ဗိုက်ကြီးနေတဲ့ ခွေးမလေးတစ်ကောင်ကိုပါ ဝင်တိုက်သွားခဲ့တာလည်း ဖြစ်ပါတယ် ။




အတိုက်ခံရတဲ့ အရှိန်ကြောင့် ကိုယ်ဝန်လွယ်ထားရတဲ့ ခွေးမလေးခမျာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပြီးပြေးသွားတဲ့ကားက နီညိုရောင်ဖြစ်ပြီး အမျိုးအမည်မသိဖြစ်ကြောင်း ဒီဖြစ်စဥ်ကို ပြောပြထားတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ် ။ မနေ့ညက တောင်ဥက္ကလာမြို့နယ်၊ မေတ္တာလမ်းမှာဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှုဖြစ်စဥ်က ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader


