လက်ရှိအချိန်ထိ စစ်ကောင်စီက ဆန္ဒထုတ်ဖော်တဲ့ လူထုလှုပ်ရှားမှုတွေကို ဖမ်းဆီး၊ပစ်ခတ်မှုတွေရှိနေပေမယ့် အာဏာရှင်စနစ် ကျဆုံးရေးအတွက် နေရာဒေသတချို့တွေမှာ နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဇွန်လ (၉) ရက်နေ့မှာလည်း ထားဝယ်မြို့က လူငယ်တချို့ဟာ အလံများကို မီးရှို့ပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို အလံတွေကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ယင်းဆန္ဒပြခဲ့တဲ့ ဗီဒီယိုလေးထဲမှာတော့ ထားဝယ်လူငယ်များဟာ သမ္မတ ဦးသိန်းစိန် လက်ထပ်က ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလံ နဲ့အတူ စစ်ကောင်စီတပ်မတော်ရဲ့ အလံကိုပါ မီးရှို့ခဲ့သလို မြန်မာနိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှား နှင့် တရုတ် နိုင်ငံတွေရဲ့ အလံတွေကိုလည်း ခြေထောက်တွေနဲ့ နင်းချေပြီး မီးရှို့ဆန္ဒပြခဲ့ကြတာ တွေ့ရပါတယ်။
ဒါ့အပြင် ဒီဆန္ဒပြမှုမှာပါဝင်တဲ့ လူငယ်တစ်ဦးက ယခုလွှင့်ထူထားတဲ့ မြန်မာနိုင်ငံအလံဟာ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုတော့တဲ့အတွက် NUG အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအလံကိုဖြုတ်ချပြီး ခေတ်အဆက်ဆက်တော်လှန်ရေးမှာ အသုံးပြုလာတဲ့ သမဂ္ဂအလံကို လွှင့်ထူခဲ့တယ် လို့လည်းသိရပါတယ်။အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ယခုလို အလံတွေကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့တာတွေ ရှိတာတွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Original Upload