အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်နေ့မှစပြီး မြန်မာလူငယ်တွေဟာ သူတို့ရဲ့အနာဂတ်၊ရည်မှန်းချက်၊အိမ်မက်တွေပျက်သုန်းသွားတာကြောင့် အာဏာရှင်ကို ရရာနည်းလမ်းနဲ့ တွန်းလှန်နေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီး အာဏာရှင်ဖြုတ်ချဖို့ကြိုးစားလုပ်ဆောင်နေကြတဲ့ လူငယ်တွေလည်းရှိသလို ပြောက်ကျားသပိတ်တွေပြုလုပ်ပြီး အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ လူငယ်တွေလည်းရှိနေပါတယ်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ မိုးတွေသည်းထန်စွာရွာသွန်းနေပေမယ့် အာဏာရှင်အလိုမရှိတဲ့ သပိတ်စစ်ကြောင်းတွေလည်း ဆက်လက်ရှိနေခဲ့ပါတယ်။


ယနေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဟာ လမ်းမပေါ်ရေတွေလျှံတဲ့အထိ မိုးတွေသည်းသည်းမဲမဲရွာနေပေမယ့် လှည့်မပြန်သွားကြဘဲ ဆက်လက်ချီတတ်ခဲ့ကြပြီး အာဏာရှင်ကို လုံးဝအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ မိုးရေတွေရွှဲစိုနေကြပေမယ့် စိတ်ခွန်အားအပြည့်နဲ့ သံပြိုင်ဟစ်ကြွေးပြီး ဆက်လက်ချီတတ်ခဲ့ကြတဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်လေးက ချီးကျူးစရာကောင်းလွန်းနေခဲ့ပါတယ်။


ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ၊ ပစ်ခတ်ဖြိုခွင်းရမှုတွေရှိနေပေမယ့် မြန်မာလူငယ်တွေကတော့ ကြောက်ရွံ့စိတ်လုံးဝမရှိကြဘဲ အာဇာနည်စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်ကို တွန်းလှန်နေကြပါတယ်။ ဖြိုခွင်းမှုတွေကြောင့် သပိတ်စစ်ကြောင်းတွေနည်းပါးသွားပေမယ့် ပြောက်ကျားသပိတ်တွေပြုလုပ်ပြီး သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေအားလုံး ဘေးဒုက္ခဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source - Original Upload

