အချိန်ကာလ ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထု လှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေက အခက်အခဲတွေ မျိုးစုံကို ကြုံတွေ့နေရပါတယ် ။ ပြည်မမှာလည်း အလုပ်အကိုင်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြသလို တောင်တန်းဒေသတွေမှာလည်း တိုတ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေလည်း များပြားစွာရှိနေပါတယ်။


ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက် ဖြေရှင်းပေးရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့် လျှောက်လှမ်းနေကြတဲ့ ပန်းတိုင်က တူညီနေလို့ လက်တွဲ ညီညီနဲ့ ကူညီဖေးမရင်း အားတင်းထားကြတာပါ ။ ခုဆိုရင် ရန်ကုန်အပြင် အခြားမြို့ကြီးတွေမှာ စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေ အတွက် စေတနာရှင်တွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးလျက်ရှိပါတယ်။


ယနေ့ ဇွန်လ (၉) ရက်နေ့မှာလည်း အလှူရှင်တွေ စုပေါင်းပြီး (၆၉)ရပ်ကွက်၊ မြနန္ဒာလမ်းဆုံ၊ အပိုင်း(၄)၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ပြည်သူများအတွက် အဝတ်အထည် စုစုပေါင်း (၇၀) ထည်ကို ပေးဝေလှူဒါန်းပေးခဲ့ကြပါတယ် ။ စားဖို့တောင် မနည်း ရှာဖွေ နေရချိန်မှာ အဝတ်အစားအတွက် အပိုသုံးဖို့ အဆင်မပြေကြတဲ့ လက်လုပ်လက်စားပြည်သူတွေဖြစ်လို့ ခုလို အဝတ်အထည် လှူဒါန်းကြတဲ့ အလှူရှင်တွေကြောင့် ကြည်နူးပီတိဖြစ်နေကြမှာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် အဝတ်အထည် လှူဒါန်းဝေမျှနေတဲ့ ကြည်နူး ပီတိဖြစ်စရာ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ် ။

