မြန်မာနိုင်ငံရှိ လူငယ်တွေကတော့ ဖေဖော်ဝါရီ (၁) ရက်နေ့ထဲကစပြီး တူညီတဲ့ ယုံကြည်ချက်တွေ ကိုယ်စီနဲ့ လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ မိမိတို့ရဲ့အသက် ဆုံးရှုံးမှာကိုပင်မကြောက်ဘဲ အရာရာပေးဆပ်ကာ အဆုံးထိ ပါဝင်နေကြတာလည်းဖြစ်ပါတယ်။နွေဦးတော်လှန်ရေးတိုက်ပွဲကြီးကလည်း အခုဆိုရင် အချိန်အားဖြင့် သုံးလပြည့်ခဲ့ပါပြီ။အခုချိန်မှာ ပြည်သူအားလုံးက အခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ယုံကြည်ချက်တွေအတွက် အားတင်းကာ ရှေ့ဆက်လှမ်းနေကြတာပါ။
ဒီရက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေးကြီးဟာ ဒုတိယအကြိမ်ပြန်လည် အသက်ဝင်လာကာ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာခဲ့ပါတယ်။ရန်ကုန် ၊ မန္တလေး အပြင် အခြား မြို့ကြီးတွေရဲ့ လမ်းမတွေထက်မှာ လူငယ်တွေရဲ့ ပုံသဏ္ဌာန် မျိုးစုံနဲ့ ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေကို တွေ့မြင်ရပါတယ်။တစ်ချို့ကလည်း မိမိတို့ပတ်ဝန်းကျင်မှာပဲ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကာ လှုပ်ရှားမှုပြုခဲ့ကြပါတယ်။
မန္တလေးမှာဆိုရင်လည်း နေ့ရက်တိုင်းလိုလို သပိတ်စစ်ကြောင်းမျိုးစုံ ထွက်ရှိနေတာကို တွေ့မြင်ရပါတယ်။ဆန္ဒထုတ်ဖော်မှုတွေ တစ်နေ့တစ်ခြား ပိုမိုအားကောင်းလာတဲ့ မန္တလေးမြို့ကြီးက မေလ (၁၀) ရက်နေ့မှာလည်း ပြည်သူတွေစုပေါင်းပြီး ဆိုင်ဘုတ်များ ကိုင်ဆောင်ကာ အခက်အခဲတွေ ကြားကနေပဲ တံခွန်တိုင်အဝိုင်းထိ တက်ကာ လူအင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ပူပြင်းလွန်းတဲ့ မန္တလေးရဲ့ ရာသီဥတုကို မမုဘဲ လှုပ်ရှားပါဝင်နေကြတာ တကယ်ကို လေးစားမိတာအမှန်ပါပဲ။ ပရိသတ်ကြီးအတွက် မန္တလေးကပြည်သူတွေရဲ့ လှုပ်ရှားမှုပုံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။