အာဂျင်တီးနားတိုက်စစ်မှုဟောင်း ကားလို့စ်တီဗက်ဇ်က ဘိုကာဂျူနီယာအသင်းမှထွက်ခွာပြီး တစ်နှစ်အကြာမှာပဲ ဘောလုံးလောကကနေ အနားယူပြီဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားလို့စ်တီဗက်ဇ်က အာဂျင်တီးနားနိုင်ငံက တီဗီရှိုးတစ်ခုမှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားတော့မှာ မဟုတ်ကြောင်းကို တရားဝင်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

တီဗက်ဇ်ဟာ ၂၀၀၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ဝက်စ်ဟမ်းယူနိုက်တက်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့မှာ ကစားခဲ့တာဖြစ်ပါတယ်။ ဂျူပင်တပ်ကို မပြောင်းရွှေ့ခင်မှာပဲ အီတလီကို ပြောင်းရွှေ့ခဲ့ပြီး တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာ နဲ့ ဘရာဇီးလ်ကလပ် ကိုရင်သီရန် မှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ကားလို့စ်တီဗက်ဇ်က အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၅ ပွဲကစားပေးခဲ့ပြီး ၂၀၀၄ ခုနှစ် အေသင်မြို့ အိုလံပစ်မှာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ပါတယ်။ တိဗက်ဇ်က ဘောလုံးလောကမှာ အောင်မြင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်ကစားသမားဘဝမှာတော့ နာမည်အတော်လေးကို ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဟောင်း ကားလို့စ်တီဗက်ဇ် အနားယူရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ဖခင်ဆုံးပါးသွားခြင်းကြောင့်ဖြစ်ပြီး တီဗက်ဇ်ဟာ သူ့ရဲ့နံပါတ် ၁ ပရိတ်သတ်ဖြစ်တဲ့ သူ့အဖေကွယ်လွန်သွားတာက သူ့ကို ဘောလုံးလောကမှအနားယူဖို့ ဆုံးဖြတ်ချက် ချစေခဲ့တယ်လို့ အာဂျင်တီးနားနိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းကနေတစ်ဆင့် အတည်ပြုပြောဆိုလိုက်ပြီပဲ ဖြစ်ပါတယ်။
source - times of india