မင်းသားကြီးတွမ်ခရုစ်ရဲ့ Top Gun နှစ်ကားမြောက်ဖြစ်တဲ့ Top Gun:Maverick ရုပ်ရှင်ဟာ ဇာတ်ဝင်ခန်းတစ်ခန်းမှာပါတဲ့ ဂျက်ကတ်အင်္ကျီတစ်ထည်ကြောင့် တရုတ်ပြည်မှာပြသခွင့်ပိတ်ခံလိုက်ရပါတယ်။တကယ်တော့ အင်္ကျီကြောင့်ထက် အင်္ကျီပေါ်ကအလံတစ်ခုကြောင့်ဆို ပိုမှန်ပါလိမ့်မယ်။

၁၉၈၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ဇာတ်ကားထဲက အဓိကဇာတ်ကောင် ပိမားဗရစ်မစ်ရှဲဝတ်ဆင်ခဲ့တဲ့ ဂျက်ကတ်နောက်ကျောမှာ တိုင်ဝမ်အလံပါခဲ့ပါတယ်။အကြောင်းရင်းကတော့ ၁၉၆၃ ကနေ ၁၉၆၄ ခုနှစ်ထိ ဂျပန်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံတို့မှာ စစ်တိုက်ခဲ့တဲ့ သူ့အဖေအတွက်အထိမ်းအမှတ်နဲ့ ဝတ်ဆင်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၉ Trailer ကိုစတင်ပြသခဲ့တုန်းက တရုတ်နိုင်ငံရဲ့ရုပ်ရှင်ဈေးကွက်ထဲမှာ ထိုးဖောက်နိုင်ဖို့အတွက် ထုတ်လုပ်သူတွေဟာ ဂျာကင်ပေါ်ကအလံကို ဖယ်ရှားပစ်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့လေယာဥ်အပိုင်းတွေကို တာဝန်ယူခဲ့တဲ့ တရုတ်ထုတ်လုပ်သူတွေနဲ့ Tencent Pictures ကုမ္ပဏီရဲ့တွန်းအားပေးမှုကြောင့် ထိုင်ဝမ်အလံနေရာမှာ တခြားအနီရောင်အမှတ်အသားတစ်ခုကို အစားထိုးခဲ့တာလို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ တကယ်တမ်းရုပ်ရှင်ထွက်လာချိန်မှာတော့ အနီးကပ်ပြကွက်တစ်ခုမှာ ထိုင်ဝမ်အလံကိုအရင်ရုပ်ရှင်အတိုင်းပဲ ပြန်လည်ထည့်သွင်းခဲ့တာကိုမြင်ရပါတယ်။Tencent ဖက်က ရုပ်ရှင်အတွက် ထုတ်လုပ်မှုစရိတ်တချို့တဝက်ကိုကျခံပေးမယ်ဆိုတဲ့ကတိကို ပျက်ကွက်ခဲ့ပြီးနောက် ဒီလိုမျိုးအလံကိုပြန်မြင်လာရတာပါ။တရုတ်ပရိသတ်တွေက တော်တော်စိတ်ပျက်သွားကြပြီး တချို့တွေဆို “ကောင်းပြီ ငါတို့ပိုက်ဆံတွေကိုမယူနဲ့ Pirated ဗားရှင်းကိုပဲခိုးကြည့်မယ်”လို့တောင် မှတ်ချက်ပေးခဲ့ကြပါတယ်။ဘာကြောင့်ဒီလိုပြန်ထည့်လိုက်လဲဆိုတာကိုတော့ ထုတ်လုပ်သူတွေဖက်က ရှင်းပြထားတာမျိုးမရှိပါဘူး။

ဟောင်ကောင်က ရုပ်ရှင်ဝေဖန်သုံးသပ်သူတစ်ဦးကတော့ “ဒီလိုမျိုးကအစဥ်အလာမရှိဘူး။ရုပ်ရှင်ကုမ္ပဏီကြီးတွေက အမြဲတမ်းတရုတ်ကိုအလိုလိုက်နေကြတာ။ဒီအခန်းက ရှင်းရှင်းလေးပြန်တည်းဖြတ်လိုက်တာဆိုရင်တောင် ကုန်ကျစရိတ်ကတော်တော်လေးများတယ်။ဘာလို့အဲ့လိုပြန်ပြင်လိုက်ကြလဲမသိဘူး”လို့ပြောပြထားပါတယ်။ထိုင်ဝမ်မှာဇာတ်ကားကိုပြသစဥ်ကတော့ ထိုင်ဝမ်အလံပါလာလို့ ပရိသတ်တွေက ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဇာတ်ဝင်ခန်းနှစ်ခန်းသုံးခန်းလောက်ကို လက်ခုပ်တီးခဲ့ကြတယ်လို့သိရပါတယ်။

တရုတ်ပြည်ကိုပို့တဲ့ iPhone တွေမှာတောင် Apple ကထိုင်ဝမ်အလံကိုဖျောက်ထားချိန် ဒီလိုမျိုးရုပ်ရှင်ကားတစ်ကားက လုပ်ပြလိုက်တာတော့ အရမ်းကြမ်းပါတယ်။တကယ်လို့ရုပ်ရှင်က အဘန်းမခံရပဲ ပြသခွင့်ရရင်တောင် တရုတ်ပြည်သူတွေက သပိတ်မှောက်ကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။