မလေးရှားနိုင်ငံ၊ Bentong ခရိုင်၊ Pahang ပြည်နယ်၊ Janda Baik ရွာရှိ သံတမန်ဟောင်းနဲ့ သူ့ရဲ့သားဖြစ်သူတို့ရဲ့ နေအိမ်အတွင်းမှာ အပင် ၁၀၀ ကျော်ရှိတဲ့ ဆေးခြောက်စိုက်ခင်းတွေ့ရှိခဲ့ပါတယ်။ Pahang ရဲအရာရှိ Rami Mohamed Yoosuf က ဆေးခြောက်ပင်သိမ်းဆည်းမှုတွေထဲမှာ အကြီးမားဆုံးသော သိမ်းဆည်းမှု တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အပင် ၁၀၀ ကျော်ရှိတဲ့ ဆေးခြောက်စိုက်ခင်းဟာ ရင်းဂစ် ၆၁,၂၀၀ (ဒေါ်လာ ၁၃,၉၀၀) တန်ဖိုးရှိပြီး တစ်ပင်ချင်းရဲ့ တန်ဖိုးဟာ ကာလပေါက်ဈေး ရင်းဂစ် ၆၀၀ တန်ဖိုးရှိကြောင်း Rami Mohamed Yoosuf က ပြောခဲ့ပါတယ်။ စနေနေ့မှာ ၇၈ နှစ်အရွယ်ရှိတဲ့ သံတမန်ဟောင်းကို Janda Baik အိမ်အတွင်းနေထိုင် နေစဉ် ဖမ်းဆီးခဲ့ပြီး သားဖြစ်သူကိုတော့ Selangor ပြည်နယ်၊ Shah Alam မြို့ရှိ နေအိမ်မှာ ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။

Janda Baik ရွာကို ရဲတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းစဉ်အတွင်း ဆေးခြောက်လို့ ယူဆရတဲ့ အပင်ခြောက်များနဲ့အတူ ဆေးခြောက်ဆီများထည့်ထားတဲ့ ဖန်ပုလင်း ၂ ပုလင်း၊ အုန်းဆီနဲ့အတူ ဆေးခြောက်အသုံးပြုဖို့အတွက် ပြုပြင်ထားတဲ့ ဝါးချောင်းတစ်ချောင်းကိုလည်း တွေ့ရှိရကြောင်းနဲ့ ဒီ ဆေးခြောက်ဆီတွေရဲ့ တန်ဖိုးဟာ ကာလပေါက်ဈေး ရင်းဂစ် ၂၅၀ အထိ ဈေးကွက်အတွင်းမှာ ရှိနေကြောင်း Rami ကပြောခဲ့ပါတယ်။ ဆေးခြောက်တွေကို အိမ်အတွင်းမှာ ထုတ်လုပ်ကာ ဈေးကွက်ဖြန့်နေတယ်လို့လည်း ယူဆကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာတည်းက သံတမန်ဟောင်းဟာ အချိုရည်နဲ့ ဆေးခြောက်အဆီများကို ရောစပ်အသုံးပြုခြင်းများပြုလုပ်ခဲ့ပြီး သားဖြစ်သူဟာလည်း ၂၀၁၃ ခုနှစ်တည်းက မူးယစ်ဆေးဝါးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေကာ ၂၀၁၅ မှ စတင်ပြီး ဆေးခြောက်ပင်များ စိုက်ပျိုးခဲ့တယ်လို့ Rami က ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးခြောက်ပစ္စည်းများကို ဘယ်ဈေးကွက်ကို ရောင်းချခဲ့တယ်ဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ဆိုပါတယ်။
source - CNA