မြန်မာနိုင်ငံ ကိုရောင်းချဖို့ အွန်လိုင်းကနေ သေနတ်အစိတ်အပိုင်းတွေ မှာယူတဲ့ ထိုင်းအမျိုးသားတစ်ဦးအား လွန်ခဲ့တဲ့ ဧပြီ (၂၃) ရက်နေ့က မယ်ဆာယန်းမြို့မှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

အသက် (၃၄) နှစ် အရွယ်ရှိ နတ်သာဝတ် ရာပီဘွန်နွန်ကို ပါဆယ်ပို့ဆောင်တဲ့ရုံးခွဲမှာ ပစ္စည်းလာထုတ်စဉ် ဖမ်းမိကြောင်း မယ်ဟောင်ဆန်ခရိုင်ရဲဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူ့ဆီကိုလိပ်မူထားတဲ့အထုပ် (၄) ထုပ်ထဲမှာ ရိုင်ဖယ်အပိုင်းတွေ၊ ယမ်းတောင့်တွေနဲ့ ဖုန်း (၂) လုံးတို့ကို တွေ့ရှိခဲ့ပြီး အထုပ် (၃) ထုပ်ကို ချင်းမိုင်ခရိုင်၊ဆန်ပါတောင်မြို့မှာရှိတဲ့ ကားပစ္စည်းဆိုင်တစ်ဆိုင်က ပို့ခဲ့တာလို့ သိရပါတယ်။

သူဟာ အွန်လိုင်းမှတဆင့် ရိုင်ဖယ်အစိတ်အပိုင်းတွေမှာယူတာဖြစ်ကြောင်း ဝန်ခံပြီး သူမှာယူတဲ့ လက်နက်တွေကို ဂျော်ဝါဆိုတဲ့ အမျိုးသားတစ်ဦးကိုသာမက မြန်မာနိုင်ငံကိုလည်း ရောင်းကြောင်း သူကပြောပေမယ့် ဘယ်လောက်ရောင်းချထားတယ်ဆိုတာ အတိအကျမသိရသေးပါဘူး။






