မိုဘိုင်းဂိမ်းတွေ
လက်ပွန်းတနီးဆော့ကြသူတွေဆို VooDoo ရဲ့ဂိမ်းလေးတွေနဲ့ ရင်းနှီးကြမှာပါ။ချစ်စရာရုပ်ထွက်လေးတွေ၊တခြားဂိမ်းတွေနဲ့မတူတဲ့ ပုံစံလေးတွေအပြင်
ပါဝင်တဲ့ Physics လေးတွေကအစ ထူးခြားကောင်းမွန်ပါတယ်။ခုလည်း VooDoo ကဆော့ရတာထူးခြားတဲ့
ဂိမ်းလေးတစ်ခုအကြောင်းပြောပြသွားမှာပါ။အမျိုးအစားကတော့ ဆိုင်ကယ်ပြိုင်အမျိုးအစားဖြစ်ပါတယ်။Scribble Rider လို့အမည်ရတဲ့ဂိမ်းလေးဖြစ်ပါတယ်။

ဆိုင်ကယ်ပြိုင်ဂိမ်းဖြစ်ပေမဲ့ သူရဲ့အဓိက Gameplay ကတော့ဆိုင်ကယ်ပြိုင်ရတာမဟုတ်ပါဘူး။ကိုယ်စီးမဲ့ဆိုင်ကယ်အတွက် ဘီးတွေဖန်တီးပေးရတာဖြစ်ပါတယ်။ဘီးဖန်တီးတယ်ဆိုတဲ့နေရာမှာလည်း ဂိမ်းကပေးထားတဲ့ အကန့်အသတ်အတိုင်းမဟုတ်ပဲ ကိုယ်ဉာဏ်ကောင်းရင်ကောင်းသလို၊ဖန်တီးနိုင်သလောက် ဖန်တီးနိုင်ပါတယ်။စဆော့ပြီဆို ပုံဆွဲလို့ရတဲ့ Pad လေးတစ်ခုပေါ်မှာ ကိုယ်လိုချင်တဲ့ ဘီးရဲ့ပုံကိုဆွဲပေးရမှာဖြစ်ပြီး ဆွဲလိုက်တဲ့ပုံက ဆိုင်ကယ်ရဲ့ဘီးဖြစ်သွားမှာပါ။

အဝိုင်းပုံ၊လေးထောင့်ပုံ၊တြိဂံပုံ၊တခြားပုံစံတွေ စိတ်ကြိုက်ဆွဲနိုင်ပါတယ်။ဒါပေမဲ့ အလကားဆွဲရတာမဟုတ်ပဲ လမ်းပေါ်မှာရှိတဲ့အတားအဆီးတွေအလိုက် လိုက်ထိန်းညှိပြီးဆွဲပေးရတာပါ။တချို့နေရာတွေမှာ အဝိုင်းဘီးနဲ့ပဲ အဆင်ပြေပေမဲ့ တချို့နေရာတွေမှာတော့ တြိဂံပုံကအဆင်ပြေပါတယ်။အဲ့လိုမျိုးပဲ နေရာတစ်ခုမှတစ်နေပြီဆို သူနဲ့သက်ဆိုင်တဲ့ ဘီးပုံစံကိုစဉ်းစားရွေးချယ်ပေးရမှာပါ။ဆိုင်ကယ်က Drone ဖြစ်သွားတဲ့နေရာတွေလည်းပါပြီး အဲ့အပိုင်းတွေမှာလည်း ဘီးကိုသေချာစဉ်းစားရွေးချယ်ရမှာပါ။

ကိုယ်နဲ့ယှဉ်ပြိုင်သူနောက်တစ်ယောက်ပါသေးလို့ သူ့ကိုအနိုင်ရအောင်ယူရမှာပါ။နိုင်သွားပြီးရင် ကိုယ်ကစားလို့ရတဲ့ တခြားဂိမ်းဇာတ်ကောင်တွေ၊ဆိုင်ကယ်တွေ၊ဘီးအလှရောင်တွေ ရရှိဦးမှာဖြစ်ပါတယ်။Level တွေလည်းအများကြီးပါပြီးတော့ တစ်ခုနဲ့တစ်ခုက အတားအဆီးတွေကလည်း မတူကြပါဘူး။အစပိုင်းမှာတော့ လွယ်ပေမဲ့ တဖြည်းဖြည်း Level မြင့်လာတာနဲ့အတူ ကြုံရတဲ့အတားအဆီးတွေရော၊ပြိုင်ဖက်တွေကပါ တဖြည်းဖြည်းပိုခက်လာမှာပါ။

VooDoo ဂိမ်းတွေထဲမှာ ဒီတစ်ခုကလည်း ခပ်မိုက်မိုက်လေးဖြစ်တာမလို့ ဆော့ကြည့်ရင်သဘောကျကြမှာ သေချာပါတယ်။iOS ရော Android ပေါ်မှာရော အခမဲ့ဒေါင်းလုပ်ရယူကစားနိုင်ပြီး ဖိုင်ဆိုဒ်ကလည်း 300 MB သာရှိတာမလို့ ပေါ့ပေ့ါပါးပါးဆော့နိုင်တဲ့ဂိမ်းလို့ပြောရမှာပါ။
Photos Credit:Voodoo





