မတော်တဆမှုတစ်ခုဖြစ်ပြီး အတိတ်မေ့သွားခဲ့တဲ့ ဆူဂျင်းကိုဆေးရုံကပြန်လာချိန်မှာ သူမရဲ့ခင်ပွန်းဖြစ်သူက တောက်လျှောက်ဂရုစိုက်ပြီး သူမရဲ့အတိတ်ကအကြောင်းတွေကို ဖြည်းဖြည်းချင်းသတိရအောင်ပြောပြပေးခဲ့ပါတယ်။ဒါပေမဲ့မတော်တဆမှုမှာခေါင်းထိသွားခဲ့တဲ့ ဆူဂျင်းဟာ အိမ်ပြန်ရောက်ပြီးပြီးချင်းပဲ အနာဂတ်ကိုကြိုမြင်လိုက်၊အတိတ်တွေကိုပြန်မြင်လိုက်နဲ့ တော်တော်လေးဒုက္ခရောက်နေခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူ ဂျီဟွန်းရဲ့ဂရုစိုက်မှုတွေကြောင့် ပြဿနာကြီးကြီးမားမားတော့မရှိခဲ့ပါဘူး။

ဒါပေမဲ့နောက်ပိုင်းမှာသူမတစ်ယောက်တည်း ပုံရိပ်ယောင်တွေကို ဆက်တိုက်မြင်လာရပြီး ဘယ်ဟာကအမှန်လဲ၊ဘယ်ဟာကအမှားလဲဆိုတာကိုပါ ဝေခွဲမရနိုင်တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အဲ့အပြင်သူမရဲ့ ခင်ပွန်းဆိုသူကလည်း တဖြည်းဖြည်းလုပ်ရပ်တွေမူမမှန်လာတော့ပဲ သူမကိုပြောပြတဲ့အကြောင်းတွေဟာ အကုန်အမှန်တွေမဟုတ်ကြောင်း၊တချို့အရာတွေကိုကွယ်ဝှက်ထားကြောင်း တဖြည်းဖြည်းသိရှိလာပါတော့တယ်။

ခင်ပွန်းဖြစ်သူက သူမမေးသမျှစကားတွေကို ဂရုမစိုက်ပဲ ကနေဒါသွားဖို့ကိုပဲ အာရုံစိုက်နေပါတယ်။တချိန်တည်းမှာပဲ သူမတို့တိုက်ခန်းကလူတစ်ယောက်နဲ့ပတ်သက်ပြီး အတိတ်ကအဖြစ်အပျက်တွေကို သူမပြန်ယောင်လာချိန်မှတော့ ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေကို ဆူဂျင်းတစ်ယောက်ကြိုးစားဖြေရှင်းရပါတော့တယ်။

ဒီဇာတ်ကားရဲ့အကောင်းဆုံးအပိုင်းကတော့ ကြည့်ရှူသူကပါ ဆူဂျင်းနဲ့အတူ ပုံရိပ်ယောင်လား၊အတိတ်ကဖြစ်ရပ်လားဆိုတာ ခွဲခြားနိုင်မှာမဟုတ်ပဲ ဇာတ်ကောင်နဲ့အတူ လိုက်တိုင်ပတ်နေမှာဖြစ်ပါတယ်။ဇာတ်ကားပြီးခါနီးအချိန်လောက်ထိ ဘာတွေဖြစ်နေလဲဆိုတာ ဆူဂျင်းနေရာကနေ ဝင်စဥ်းစားနေရမှာဖြစ်ပြီး ရှေ့ကိုဘာဆက်ဖြစ်မလဲဆိုတာထက် လောလောဆယ်ဘာဖြစ်နေလဲဆိုတာကို တွေးနေရမှာပါ။Plot twist တွေတော်တော်များပြီး မထင်မှတ်ထားတဲ့ဇာတ်လမ်းအချိုးအကွေ့တွေကို အများကြီးမြင်ရမှာဖြစ်ပါတယ်။

ဆူဂျင်းအဖြစ် မင်းသမီးချောလေး ဆိုယွန်းဂျီ၊သူမရဲ့ခင်ပွန်း ဂျီဟွန်းအဖြစ် ကင်ကမ်ဝူးတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ “မနက်ဖြန်ဆီကမှတ်ဉာဏ်များ”ဆိုတဲ့ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၁ ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကားပါ။ဝင်ငွေခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၅၆ သန်းထိပြန်လည်ရရှိထားပြီး တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ၂၀၂၁ မှာထွက်ရှိခဲ့သမျှဇာတ်ကားတွေထဲ အကောင်းဆုံး ၁၅ ကားမြောက်အဖြစ်ရပ်တည်ခဲ့ပါတယ်။ပုံမှန်ကြည့်နေကျ ကိုရီးယား Thriller ရုပ်ရှင်ကားတွေနဲ့မတူပဲ တမျိုးကွဲထွက်နေတာကြောင့် ကြည့်ရှူကြည့်သင့်တဲ့ကိုရီးယားရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။





