Horror ကားတွေ၊ထိတ်လန့်ခြောက်ခြားစရာရုပ်ရှင်တွေထဲမှာဆို Zombie ကားတွေဟာ Covid 19 ကပ်ရောဂါကာလနောက်ပိုင်းမှာ ပိုမိုနာမည်ရလာကြပါတယ်။အဲ့လိုနာမည်ရလာတာနဲ့အတူ Zombie ကားမျိုးစုံကို ပုံစံမျိုးစုံနဲ့ ရိုက်ကူးပြသလာကြပေမဲ့ ဇာတ်လမ်းပုံစံထပ်နေတာတွေ၊ဘတ်ဂျက်အခက်အခဲကြောင့် ကောင်းကောင်းမွန်မွန်မမြင်ရတာတွေကြောင့် တော်တော်များများဟာ အရည်အသွေးညံ့နေတတ်ပါတယ်။ဒါပေမဲ့ ဒီ ၂၀၂၂ ခုနှစ်မှာမှ ထွက်ရှိခဲ့တဲ့ Netflix Original Series တစ်ခုကတော့ ဇာတ်လမ်းကျောရိုးက တခြားရှိပြီးသားကားတွေလိုပဲ ဆင်တူသလိုလိုနဲ့ မတူတဲ့ဇာတ်လမ်းတွဲတစ်ခုပါ။All of Us Are Dead ဆိုတဲ့ ကိုရီးယား Zombie ဇာတ်လမ်းတွဲဖြစ်ပါတယ်။ကိုရီးယား Naver Webtoon တစ်ခုဖြစ်တဲ့ Now At Our School ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
ဇာတ်လမ်းကျောရိုးကတော့ ဇွန်ဘီတွေအများကြီးရှိနေတဲ့ အထက်တန်းကျောင်းတစ်ခုထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားတစ်စုအကြောင်းဖြစ်ပါတယ်။သားဖြစ်သူဟာ တောက်လျှောက်အနိုင်ကျင့်ခံနေရတာကြောင့် ဟိုဆန်းကျောင်းက သိပ္ပံဆရာဟာ လောကကြီးကိုမခံချင်စိတ်ဖြစ်လာပြီး ဗိုင်းရပ်စ်တစ်မျိုးကိုဖော်ထုတ်စမ်းသပ်ခဲ့ရာကနေ ဗိုင်းရပ်စ်ဟာ အလိုအလျှောက်ဗီဇပြောင်းပြီး သားဖြစ်သူဟာ Zombie အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဇနီးဖြစ်သူပါ အကိုက်ခံလိုက်ရတဲ့အခါ ကျောင်းဆရာဟာ သားကိုရော၊ဇနီးကိုပါ သတ်ပစ်ရဖို့ဖြစ်လာပါတယ်။ရောဂါမပြန့်သွားရအောင် သားနဲ့ဇနီးကိုချုပ်ထားပေမဲ့ ကျောင်းကသိပ္ပံခန်းထဲမှာ ကျောင်းသူတစ်ယောက်ကို ဓာတ်ခွဲခန်းထဲက ရောဂါကူးစက်ခံထားရတဲ့ရတဲ့ ကြွက်လေးကိုက်လိုက်တဲ့အခါ ရောဂါကူးစက်သွားပါတော့တယ်။

ကျောင်းဆရာက အဲ့ဒီကျောင်းသူကို ဖမ်းထားပြီး ဆေးတွေထိုးပေးနေပေမဲ့ နောက်ဆုံးမှာလွတ်ထွက်သွားပြီး ကျောင်းကလူတွေကို ကိုက်လိုက်တာကနေ ကျောင်းထဲမှာရောဂါစတင်ပြန့်နှံ့ပါတော့တယ်။အဲ့ဒီကျောင်းသူကိုပဲဆေးရုံကိုပို့လိုက်တဲ့ခါ ကျောင်းပြင်မှာပဲ ရောဂါဆက်ကူးစက်ပါတော့တယ်။အဲ့လိုနဲ့ ကျောင်းသားတစ်စုက အသက်ရှင်အောင်ရုန်းကန်ပြေးလွှားကြတာကို အပိုင်း ၁၂ ပိုင်းနဲ့အားရပါးရကြည့်ရှူရမဲ့ ဇာတ်လမ်းတွဲပါ။

ဒီဇာတ်လမ်းတွဲဟာ ဇွန်ဘီကားဖြစ်ပေမဲ့ ဇွန်ဘီတွေကိုပဲ အာရုံစိုက်ပြသထားတာမဟုတ်ပဲ ကိုရီးယားအထက်တန်းကျောင်းသားအရွယ်တွေရဲ့ အခက်အခဲတွေ၊ပြဿနာတွေ၊စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ထိထိမိမိပြသထားပါတယ်။ကိုရီးယားအထက်တန်းကျောင်းတွေရဲ့ ဓလေ့စရိုက်တွေကိုပါ တခြားကားတွေထက်ပိုပိုသာသာပြသပေးထားတာပါ။အထက်တန်းကျောင်းသားဘဝက အနိုင်ကျင့်သူတွေ၊အနိုင်ကျင့်ခံရသူတွေ၊လူငယ်သဘာဝအချစ်ရေးတွေ၊ကျောင်းသားဆရာပြဿနာတွေ၊လူငယ်ပြဿနာတွေကို အပိုအလိုမရှိပဲ သေချာတင်ဆက်ပေးထားပါတယ်။ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့စရိုက်တွေကိုလည်း သေချာပြသထားပြီး character development ကိုလည်းတအားကြီးမနှေး၊တအားကြီးမမြန်အောင်ပြသပေးထားပါတယ်။

ပုံမှန်ဇွန်ဘီကားတွေမှာဆို ကိုယ်ချစ်ရသူတစ်ယောက်ကိုယ့်ရှေ့မှာသေသွားရင် Character development အရမ်းပြင်းသွားပြီး ဇွန်ဘီတွေကိုလိုက်သတ်တဲ့ ခပ်ကြမ်းကြမ်းပုံစံဖြစ်သွားတတ်ပေမဲ့ ဒီကားမှာကတော့ အဲ့လောက်ကြီးမမြန်ပဲ ကျောင်းသားအရွယ်တွေဖြစ်တာကြောင့် ဇာတ်လမ်းအစအဆုံး ကျောင်းသားပုံစံနဲ့ပဲ ပြဿနာတွေကို တုံ့ပြန်တာမြင်ရမှာပါ။တစ်ယောက်ချင်းစီရဲ့ အနစ်နာခံမူတွေ၊ဒေါသတွေ၊ခံပြင်းမူတွေ၊ခက်ခဲတဲ့အချိန်မှာချရတဲ့ ဆုံးဖြတ်ချက်တွေ၊တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့မေတ္တာတွေကို ဒရမ်မာအရမ်းမများပဲ ကြည့်ရှူနိုင်မှာပါ။ဗီလိန်ဆိုလည်း ဗီလိန်အလိုက် လုံးဝရက်စက်နေအောင် ရိုက်ကူးပြထားပြီး Anti-hero ပုံစံဇာတ်ကောင်ပါ ပါဝင်ပါသေးတယ်။

နောက်ထပ်ဒီကားထဲမှာပြောစရာရှိတာက ကြည့်ဖူးတဲ့ဇွန်ဘီကားတွေအားလုံးထဲက ပါနေကျအရာတွေကို ရောယှက်ထားတဲ့ပုံစံပါ။အကြောင်းအရာတော်တော်လေးစုံလင်ပါတယ်။နာမည်ကြီးကိုရီးယားဇွန်ဘီကားဖြစ်တဲ့ Train to Busan ကိုပါထည့်ပြောသွားတဲ့အပြင် အဲ့ကားရဲ့ Reference တွေတော်တော်များများကိုလည်းထည့်သွင်းပေးထားပါတယ်။ဇွန်ဘီတွေရဲ့ မိတ်ကပ်ပိုင်းတွေ၊သရုပ်ဆောင်ပိုင်းတွေကလည်း အရမ်းကိုကောင်းမွန်သောပါပဲ။

ဇာတ်ပို့တစ်ယောက်ချင်းစီရဲ့ ဇွန်ဘီအဖြစ်သရုပ်ဆောင်ပုံတွေကအစ လုံးဝပြောစရာမရှိလောက်အောင်ပြည့်စုံပါတယ်။ဇွန်ဘီတွေအများကြီးကို CGI နည်းနည်းနဲ့ လူမထပ်ရအောင် ရိုက်ကူးထားပုံကလည်း အထင်ကြီးစရာပါပဲ။Netflix ရဲ့ဇာတ်လမ်းဖြစ်တာကြောင့် ဘတ်ဂျက်ပိုင်းမှာတော့ စိတ်ပူစရာမရှိတာကြောင့်ပါ။သွေးသံတရဲရဲနဲ့ R-rated ဖြစ်ပြီး အရမ်းကြီးလည်း Gross မဖြစ်နေအောင်ရိုက်ကူးပြသထားပါတယ်။

အပိုင်း ၁၂ ပိုင်းလုံးကို ဇွန်ဘီတွေနဲ့ပြဿတွေကိုတလှည့်၊လူမူရေးပြဿနာတွေကိုတလှည့်ပြသထားတဲ့ဒီဇာတ်လမ်းတွဲဟာ ကျောင်းအပြင်ဖက် ဟိုဆန်းမြို့ထဲကအဖြစ်အပျက်တွေကိုလည်း ဒရမ်မာနည်းနည်းနဲ့ တင်ဆက်ပြသထားပါတယ်။အပိုင်း ၁၂ ပိုင်းလုံးမှာ ကြည့်ရှူသူကိုယ်တိုင် ဟိုဆန်းအထက်တန်းကျောင်းကိုရောက်နေသလိုမျိုး ခံစားရမှာပါ။ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ Screentime တွေကလည်း လောက်လောက်ငငနဲ့မြင်ရမှာမလို့ ဒီကားဟာ ၂၀၂၂ ခုနှစ်မှာ Netflix ရဲ့အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုဖြစ်ပါတယ်။IMDb 7.7 နဲ့ Rotten Tomatoe 77% အထိရရှိထားတာကြောင့် ကြည့်ရှူသင့်တဲ့ ကိုရီးယားဇွန်ဘီဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။