ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ၊ ဂရောင်းဂီဒို ၊ ဖိုချွန်းမြို့မှာရှိတဲ့ Bears Town စကိတ်ကွင်းမှာ ခရီးသည်တင် ကေဘယ်ရထား ဓာတ်လှေကား ရုတ်တရက်စက်ချို့ယွင်းသွားမှုကြောင့် စီးနင်းလာသူ ခရီးသည်များ ခုန်ချရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ကေဘယ်ရထားဟာ အရှိန်မသတ်ဘဲ ဆက်ပြီး တစ်ပတ်လည်ကာ ပြောင်းပြန် ပြန်သွားနေမှုကြောင့် စီးနင်းလိုက်ပါလာသူ ခရီးသည်များဟာ စိုးရိမ်ကြောက်ရွံ့မှုဖြစ်ပြီး အလျင်အမြန် ခုန်ဆင်းနေတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။
ဗီဒီယိုထဲမှာဆိုရင် စက်ချို့ယွင်းမှုဖြစ်နေတဲ့ ကေဘယ်ရထားပေါ်ကနေ ခုန်ချနေကြတာပါ။ ကြည့်ရတာတော့ အသည်းတယားယားနဲ့ ကြောက်ခမန်းလိလိပုံစံမျိုးဖြစ်နေပေမယ့် ကေဘယ်ရထားစက်ချို့ယွင်းမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ နှင်းထုတွေဖုံးလွှမ်းလျက်ရှိတာကြောင့် ခုန်ချကြသူများအတွက်လည်း ထိခိုက်ဒဏ်ရာ အများကြီး မရခဲ့ကြပါဘူး။ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။


အခြားသူတွေကတော့ ရုတ်တရက်ခုန်ချကြရတဲ့အတွက် ပွန်းပဲ့ရှနာ ထိခိုက်ဒဏ်ရာတွေ ရရှိကြပေမယ့် အရမ်းကြီး ဆိုးဆိုးဝါးဝါး ထိခိုက်မှုမျိုးတော့ မရှိသွားဘူးလို့ သိရပါတယ်။ အချိန်အတန်ကြာ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ စက်ရပ်သွားတယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရ သိရပါတယ်။ စက်ရပ်သွားပြီးနောက်မှာလည်း တာဝန်ရှိသူများက ခုန်မချရဲလို့ ကျန်နေတဲ့သူတွေ အမြင့်ကြီးရောက်နေတဲ့သူတွေကို ဆက်လက်ပြီး ကယ်ဆယ်ပေးသွားခဲ့တယ်လို့ သိရပါတယ်။