ကိုယ်ကြိုက်နှစ်သက်ရတဲ့ Marvel ဇာတ်ကောင်တွေကို ဂျပန်ရိုးရာပန်းချီကားအငွေ့အစက်တွေနဲ့ ပြန်ခံစားချင်သူတွေရှိကြမှာပါ အဲ့လိုလူတွေအတွက် ဂျပန်ပန်းချီအနုပညာရှင် Takumi ဆိုသူက Avengers ဇာတ်ကောင်တွေကို ဂျပန်ရိုးရာစတိုင်နဲ့ ရောနှောပုံဖော်ပေးထားပါတယ်
ဖန်တီးမူအားကောင်းလွန်းတဲ့ Marvel ပရိသတ်ဟာ Avengers: Endgame ရုပ်ရှင်ထဲက အထင်ကရဇာတ်ကောင်တွေကို သစ်သားပေါ်မှာ ထွင်းထုလေ့ရှိတဲ့ ဂျပန်ရိုးရာ အူခီရို-အဲ စတိုင်နဲ့ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ် သူ့လက်ရာတွေထဲမှာ Avengers ဇာတ်ကောင်တော်တော်များများကို လှလှပပ အသေးစိတ်ကျကျ မူရင်းအရသာလည်းမပျက်ပဲ တွေ့နိုင်မှာပါ

Iron Man ကိုတော့ ရှေးခေတ်ဂျပန်စစ်သည်တော်တစ်ယောက်အဖြစ် ပုံဖော်ထားပြီး Suit တစ်ခုလုံးကိုပါ ချပ်ဝတ်တန်ဆာတွေအဖြစ် လှလှပပပြောင်းလဲထားတဲ့အပြင် အရောင်အသုံးပြုပုံကပါ မူရင်းအရသာမပျက်တာကိုတွေ့ရမှာပါ နောက်ကျောမှာ လက်နက်တွေ တပ်ဆင်ပေးထားပြီး လက်ထဲက Beam တွေကို ဂျပန်အမြှောက်လေး ထည့်သွင်းပေးထားပါတယ်

Captain America ကိုတော့ ဖြူစင်တဲ့ စစ်သည်တော်ပုံပေါ်အောင် ဖန်တီးထားပါတယ် ခါးမှာစည်းထားတဲ့ ခါးပတ်ပုံနဲ့ ခါးကြားထဲက မွှေးတံပုံတို့ဟာ အကြင်နာတရားရှိမူကို ပြသနေပုံပါ ချပ်ဝတ်တန်ဆာနဲ့ ဒိုင်းကိုလည်း မူရင်းအရသာမပျက် ထည်ထည်ဝါဝါဖြစ်အောင် လုပ်ထားပါတယ်

Thor ကတော့ ဝတ်စုံဒီဇိုင်းပိုင်းမှာ မူရင်းနဲ့တထပ်တည်းတူပြီး အသုံးပြုထားတဲ့ ချပ်ဝတ်ပုံစံတွေသာ ကွာသွားပါတယ် နတ်ဘုရားတို့ရဲ့ ဘုန်းတန်ခိုးကိုပြသတဲ့ စက်ဝိုင်းလေးကို ထည့်ထားပြီး ဂျပန်နတ်ဘုရားတစ်ပါးအဖြစ် ပုံစံပြောင်းပေးထားတာဖြစ်ပါတယ်

Hulk ကြီးကိုတော့ ဆံပင်ပုံစံပြောင်းကာ မျက်နှာပေါ်မှာ မျဉ်းကြောင်းတွေထည့်ပေးပြီး ဆူမိုကြီးတစ်ယောက်အသွင် ပြောင်းပေးထားပါတယ်

Captain Marvel ကိုလည်းဝတ်စုံပိုင်းမှာ Captain America လိုဆင်မြန်းပေးထားပြီး သူမလက်က ရောင်ခြည်တွေကိုလည်း ဂျပန့်အထင်ကရ တိမ်ပန်းချီတွေ၊ပင်လယ်ပန်းချီတွေရဲ့ မျဉ်းအကွေးအကောက် ဒီဇိုင်းပုံအသုံးပြုပေးထားပါတယ်

Black Widow ကိုတော့ နင်ဂျာတစ်ယောက်အသွင် မြင်ရမှာဖြစ်ပြီး ကျောမှာဓားနှစ်လက်၊ခါးကြားထဲမှာ သေနတ်တစ်လက်နဲ့ လုပ်ကြံရေးသမားပုံစံအပြည့်အဝကို ခံစားရစေမှာပါ

Hawkeye ကိုတော့ Ronin ဖက်ကိုပိုအသားပေးထားတာ တွေ့ရပါတယ် ဝတ်စုံကို ချပ်ဝတ်တွေထက် အဝတ်စကိုပဲ ဦးစားပေးဆင်ပေးထားပြီး ဂျပန်ကင်ဒိုဓားပြောင်းပေးလိုက်တာကလွဲရင် မြင်တာနဲ့ Ronin မှန်းတန်းသိနိုင်ပါတယ်

War Machine ကိုတော့လုံးဝအကြမ်းစားကြီး ဖန်တီးထားပါတယ် ချပ်ဝတ်တွေကို ဆာမူရိုင်းချပ်ဝတ်တန်ဆာတွေလို ရေးဆွဲထားပြီး လက်က အမြှောက်နှစ်လက်နဲ့အတူ ကျောပေါ်က ဒုံးလောင်ချာနေရာမှာ အမြှောက်အကြီးကြီး ထည့်ပေးထားတာက လုံးဝအလန်းကြီးပါ

Rocket ကိုလည်း မူရင်းပုံစံမပျက်အောင် ခုန်ဆွခုန်ဆွပုံစံကို ရွေးချယ်ထားပြီး MCU Rocket အတိုင်း သူ့ခန္ဓာကိုယ်လောက်ရှိတဲ့ သေနတ်ကြီးနဲ့ တွေ့ရမှာပါ ဂျပန်မြေခွေးမိစ္ဆာတစ်ကောင်လို ဖန်တီးထားတဲ့ Rocket နဲ့သူ့ရဲ့ ဂျပန်ရေတပ်သုံး သေနတ်ကြီးဟာ အသေးစိတ်ကျလှပလွန်းပါတယ်

Antman ကိုမြင်းစီးလေးသည်တော်တစ်ယောက်အဖြစ် ပုံဖော်ထားပါတယ် သူ့ရဲ့အဓိကအရောင် အနီရောင်ကိုပဲ အသုံးပြုပေးထားပြီး ဂျပန်စစ်တပ်ထဲက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပုံစံမျိုး ပုံဖော်ထားတာပါ ကျောပေါ်မှာ မြှား ၅ ချောင်းကိုတွေ့ရမှာဖြစ်ပြီး သူစီးထားတဲ့ ပုရွတ်ဆိတ်ကိုတော့ ပိတ်စအနီလေးနဲ့ တန်ဆာဆင်ပေးထားပါတယ်

နောက်ဆုံး Thanos ကြီးကိုတော့ ဂျပန်မိစ္ဆာကြီးတစ်ကောင်အဖြစ် ပုံဖော်ထားတာတွေ့ရပါတယ် ခရမ်းရောင်ကိုပဲ အဓိကအသုံးပြုထားပြီး အသေးစိတ်ကျကျနဲ့ ဝတ်စုံ၊အပွင့်အခက်တွေနဲ့ Gauntlet ပေါ်က ရောင်စုံ Infinity Stone တွေကို မြင်လိုက်ရချိန်မှာတော့ နောက်ကသူ့စစ်တပ်ကြီးတစ်ခုကိုပါ တွေ့လိုက်ရသလိုပါပဲ
ဒါကတော့ Avengers တွေကို ပြန်လည်ဖန်တီးထားတဲ့ ဂျပန်အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာတွေဖြစ်ပါတယ် ဘယ်သူ့ပုံကို အကြိုက်ဆုံးနဲ့ ဘယ်ပုံကအလှဆုံးလည်းဆိုတာကို စဉ်းစားကြည့်ကြပါဦး





