စုံထောက်ရုပ်ရှင်ဇာတ်ကားတွေကို လူတွေကြိုက်ကြတဲ့ အကြောင်းရင်းက ကြည့်နေသူကပါ စုံထောက်လုပ်နေနိုင်တာကြောင့်ဖြစ်ပါတယ် ဇာတ်ကားမပြီးသေးခင် ပြထားတဲ့ သဲလွန်စတွေကို ကြည့်နေသူကိုယ်တိုင်က ဆက်စပ်တွေးပြီး ဘယ်ကာရိုက်တာကတော့ တရားခံ ဘယ်တရားခံကဘယ်လိုဆိုတာကို ခန့်မှန်းရတာ ပျော်စရာကောင်းတာကြောင့်ပါ ကိုယ်ခန့်မှန်းနေတုန်း တခြားသဲလွန်စတစ်ခုပေါ်လာလို့ အကုန်လုံးကို အစကနေပြန်စဉ်းစားရတာ အဲ့လိုနဲ့ ကိုယ့်ဦးနှောက်ကိုပါ အလုပ်ပေးနေနိုင်တာကြောင့်ဖြစ်ပါတယ်
အဲ့လိုရသမျိုးခံစားချင်သူ ပရိသတ်တွေအတွက် စုံထောက်ဇာတ်ကားကောင်းတစ်ခုရှိပါတယ် ဒီစုံထောက်ဇာတ်ကောင်ကလည်း ရှားလော့ဟုမ်းတို့လိုမျိုး ဝတ္ထုဇာတ်ကောင်ပါပဲ စုံထောက်ရဲ့နာမည်ကတော့ Hercule Poirot ဖြစ်ပါတယ်
ခုတင်ဆက်ပေးမဲ့ဇာတ်ကားဟာ 1934 ခုနှစ်က Agatha Christie ရဲ့ Murder on the Orient Express ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပါ ဇာတ်ကားနာမည်ကလည်း ဝတ္ထုနဲ့အတူတူပါပဲ

ဇာတ်လမ်းအကျဉ်းကတော့ Hercule Poirot ဆိုတဲ့စုံထောက်ကြီးဟာ ဂျေရူဆလင်မြို့တော် ဘုရားကျောင်းက ပစ္စည်းတစ်ခုခိုးခံရမူကို ဖြေရှင်းပေးပြီးနောက် အနားယူဖို့ပြင်ဆင်ပေမဲ့ အမူတစ်ခုအတွက် လန်ဒန်ကိုသွားဖို့ ဖြစ်လာခဲ့ပါတယ် လမ်းမှာ မိတ်ဆွေဖြစ်သူ Bouc နဲ့တွေ့ပြီးနောက် Bouc ကသူ့ဦးလေးပိုင်တဲ့ Orient အမြန်ရထားကို လိုက်စီးဖို့ စုံထောက်ကြီးကို ဖိတ်ခေါ်ခဲ့ပါတယ် ဒီလိုနဲ့သူဟာ တခြားခရီးသည် 13 ယောက်နဲ့အတူ ရထားလိုက်စီးခဲ့ပါတယ်

3 ရက်ကြာတဲ့ခရီးမှာ ရှေးဟောင်းပစ္စည်းကုန်သည် Ratchett က သူ့လုံခြုံရေးကို တာဝန်ယူပေးဖို့ စုံထောက်ကြီးကိုငှားရမ်းခဲ့ပေမဲ့ သူဟာ ပစ္စည်းအတုတွေရောင်းနေသူမလို့ စုံထောက်ကြီးက ငြင်းပယ်ခဲ့ပါတယ် ညရောက်တော့ ဆိုးရွားတဲ့ရာသီဥတုကြောင့် နှင်းတွေပြိုကျလာပြီး ရထားလမ်းပိတ်သွားချိန် Ratchett ရဲ့အခန်းထဲက ဆူညံသံတွေကို စုံထောက်ကြီးကြားလိုက်ရပေမဲ့ ပြန်အိပ်နေခဲ့ပါတယ် မနက်မိုးလင်းတော့ Ratchett ဟာ ဓားဒဏ်ရာပေါင်းများစွာနဲ့ အသတ်ခံနေရပါပြီ အဲ့လိုနဲ့ ရထားမှာ ပြဿနာတက်မှာစိုးလို့ Bouc ဟာ စုံထောက်ကြီးကို လူသတ်တရားခံရှာပေးဖို့ အကူအညီတောင်းတဲ့အခါ ရထားပေါ်ကခရီးသည်တွေအားလုံးကို စစ်ဆေးဖို့ စုံထောက်ကြီးတာဝန်ဖြစ်လာပါတော့တယ်

ဒီလိုနဲ့ ထောက်လှမ်းနေရင်း ဒီလူသတ်မူရဲ့နောက်ကွယ်မှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက နာမည်ကြီး Armstrong မိသားစုရဲ့ ပြန်ပေးဆွဲလူသတ်မူနဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ် Ratchett ဟာ ဗိုလ်ချုပ် John Armstrong ရဲ့သမီး Daisy Armstrong ကိုပြန်ပေးဆွဲပြီး သတ်ခဲ့သူ John Cassetti ဖြစ်နေတာပါ ဒီလိုနဲ့ရထားပေါ်က ခရီးသည်တွေထဲမှာ Armstrong မိသားစုနဲ့ ဆက်စပ်သူ Daisy Armstrong သေဆုံးမူကြောင့် နစ်နာခဲ့ရသူ ဘယ်သူလဲဆိုတာ ထောက်လှမ်းရင်း စုံထောက်ကြီးက တရားမျှတမူကို ဘယ်လိုရှာဖွေလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်

မင်းသားကြီး Branagh က စုံထောက် Hercule Poirot အဖြစ် Johnny Depp ကအသတ်ခံရသူ Ratchett အဖြစ် သရုပ်ဆောင်ထားကြပါတယ် အဲ့အပြင် တခြားခရီးသည်အဖြစ် သရုပ်ဆောင်သူတွေထဲမှာ Willem Dafoe တို့လို ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေ အများအပြားပါဝင်တာကြောင့် တစ်ကားလုံးမှာ လူနည်းနည်းနဲ့ မပျင်းရအောင် စိတ်ဝင်တစားဆွဲခေါ်သွားနိုင်မဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် စုံထောက်ဇာတ်ကားနှစ်သက်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ





