ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးကို ဒီဇင်ဘာလ (၂၁) ရက်မှ စ၍ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ထို ရေပေါ်ဈေးဟာ (၁၉၆၀) ခုနှစ် ဝန်းကျင်ကတည်းက စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကာ ရွာရဲ့ အောက်ဘက်မှာရှိတဲ့ အတွက် ရွာလယ်အောက်ဈေးဟု လည်းကောင်း၊ မိုင်းပျိုးညနေခင်း ဈေးသည်များ လာရောက် ရောင်းချသဖြင့် ညခင်းဈေးဟု လည်းကောင်း ခေါ်တွင်ပြီးနောက် (၁၉၉၆) ခုနှစ်တွင် ရေပေါ်ဈေးဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ယခင်က ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားရာ နေရာ ဖြစ်ခဲ့သော်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က နွေရာသီကာလများတွင် ရေ လျော့နည်းလာမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှု မပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ခဲ့သဖြင့် ဆယ်စုနှစ် တစ်ခုကျော် ကြာ ပျောက်ကွယ်ခဲ့ရပါတယ်။ ထိုရေပေါ်ဈေးဟာ ယမန်နှစ် (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလမှ စတင်၍ ရောင်းဝယ်သူများဖြင့် ပြန်လည်စည်ကားလာခဲ့သော်လည်း COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ယာယီ ပိတ်သိမ်းထားခဲ့ရပါတယ်။

သို့ပေမယ့် ယခုကာလမှာတော့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များပြန်လည်စည်ကားလာစေရန် ရည်ရွယ်ချက်ဖြင့် COVID-19 စည်းကမ်းချက်နှင့် အညီ ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရေပေါ်စျေးကို ငါးရက် တစ်ဈေး အဖြစ် ဖွင့်လှစ် ရောင်းချမှာ ဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် ဒေသထွက် ပစ္စည်းများကို လှေပေါ်တွင် တင်ကာ အဓိကထား ရောင်းချတာဖြစ်ပါတယ်။






