ရုပ်ရှင်နဲ့ပတ်သက်ရင်လူတွေဟာ အကြိုက်ချင်းမတူကြပါဘူး ဒရမ်မာတွေ ရိုမန်တစ်ဇာတ်ကားတွေကိုပဲ တစိုက်မတ်မတ် ကြည့်ကြသူတွေရှိသလို သရဲကား ခြောက်ခြားစရာ ဇာတ်ကားတွေကိုမှ စွဲစွဲလမ်းလမ်း ကြည့်ရှူကြတဲ့လူတွေရှိပါတယ် ဒါပေမဲ့ အဲ့လိုလူတွေတောင်မှ ကြည့်ဖို့ဝန်လေးကြတဲ့ ရုပ်ရှင်တစ်ခု 1970 နှစ်တွေတုန်းက ရှိခဲ့ဖူးပါတယ် Antrum လို့အမည်ရတဲ့ ရုပ်ရှင်ပါ

ကံကောင်းတာတစ်ခုကတော့ အဲ့ဒီဇာတ်ကားကို အခုပြသခွင့် ကြည့်ရှူခွင့်မရှိတော့ပါဘူး ဒါပေမဲ့ 2018 မှာ အဲ့ဒီဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ Antrum:The Deadliest Flim Ever Made လို့အမည်ရှိပါတယ် 2018 ရုပ်ရှင်ဟာ ဟိုးအရင်တုန်းက ကြည့်ရှူသူတွေကို သက်ရောက်မူတွေရှိခဲ့တဲ့ ရုပ်ရှင်ကိုပဲ ပြန်ရိုက်ကူးထားတာပါ
ဒီလိုကျိန်စာမိနေတဲ့ဆိုတဲ့ ဇာတ်ကားကို ပြန်လည်ရိုက်ကူးဖို့ Amito နဲ့ Laicini ဆိုတဲ့ လူနှစ်ယောက်ဟာ ရှေးခေတ်သမိုင်းစာအုပ်တွေထဲက မိစ္ဆာတွေ နတ်ဆိုးတွေကို လေ့လာခဲ့ကြပါတယ် Dining room or There Is Nothing ဆိုတဲ့ ဇာတ်လမ်းတိုကနေလည်း ကိုးကားချက်တွေ ရယူခဲ့ပြီး အမေရိကန် မင်းသမီး Nicole Tompkins နဲ့ ကလေးသရုပ်ဆောင် Rowan Smyth တို့က အဓိကသရုပ်ဆောင်ထားပါတယ် ဘရွတ်ကလင် ခြောက်ခြားစရာ ရုပ်ရှင်များပွဲတော်မှာ အောက်တိုဘာ 14 ရက်နေ့ 2018 ခုနှစ်က စတင်ပြသခဲ့ပြီး ဆုတော်တောများများရဲ့ ဆန်ကာတင်စာရင်းလည်း ဝင်ခဲ့ပါတယ်

1979 ခုနှစ်မှာ Antrum လို့ အမည်ရတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ အကြိမ်ကြိမ်ငြင်းခံရပြီး ငြင်းလိုက်တဲ့ပွဲတိုင်းရဲ့ ဒါရိုက်တာတွေဟာလည်း သေဆုံးကုန်ပါတယ် ဖလင်လိပ်ဟာ နှစ်တော်တော်များများ ပျောက်ဆုံးနေပြီးနောက် 1988 ခုနှစ် ဘူဒါပက်စ်မှာ ပြန်ပေါ်လာပါတယ် ကြည့်နေရင်းတန်းလန်း ရုံကြီးဟာ မီးထလောင်ခဲ့ပြီး အကြောင်းရင်းဟာ ပရိုဂျက်တာတွေကနေ စလောင်ပေမဲ့ ကြည့်နေသူတွေက မီးရှို့တာလို့ ပွဲစီစဉ်သူတွေက စွပ်စွဲခဲ့ကြပါတယ်
နောက်ထပ်နှစ်တော်တော်များများ ပြန်ပျောက်နေပြီး ကယ်လီဖိုးနီးယားက ရုပ်ရှင်ရုံမှာ 1993 ခုနှစ်က ပြန်ပေါ်လာခဲ့ပါတယ် ကြည့်နေတဲ့လူတွေထဲမှာ ဆေးသုံးထားသူတွေ ပါလာပြီးနောက် အကြမ်းဖက်မူတစ်ခုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ် အဲ့ကနေစလို့ ရုပ်ရှင်ဖလင်နဲ့ ကော်ပီတွေအားလုံးဟာ ကျိန်စာသင့်နေတယ်လို့ သတ်မှတ်ခဲ့ကြပြီး ဇာတ်ကားမပြခင် သတိပေးချက်တစ်ခု ပြသခဲ့ပါတယ်

2018 မှာ ကော်ပီတစ်ခုပြန်ပေါ်လာပြီး ဖလင်ကို လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ရုပ်ရှင်ထဲမှာ နားလည်ရခက်တဲ့ အသံတွေနဲ့ တစ်ခုခုကို လှုံ့ဆော်နေတဲ့ ပုံရိပ်တွေ ပါဝင်ကြောင်းနဲ့ ဘယ်သူထည့်ထားမှန်းမသိတဲ့ Documentary ဇာတ်လမ်းတစ်ခုလည်း တွေ့ရကြောင်း ပြောခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ Nathan လို့ခေါ်တဲ့ ကောင်လေးရဲ့ ခွေးလေးဟာ သေသွားပြီးနောက် သူ့အမေက ခွေးဆိုးလေးဟာ ငရဲပြည်ရောက်သွားတယ်လို့ ပြောလိုက်တဲ့နောက်ပိုင်း ကောင်လေးဟာ သရဲအိပ်မက်တွေမက် နတ်ဆိုးတွေကိုပါ ခဏခဏ မြင်လာရပါတော့တယ် သူအမက ဒါတွေကိုဖျောက်ပေးဖို့ဆိုပြီး မန္တာန်တွေရေးထားတဲ့ စာအုပ်တစ်အုပ်ယူကာ သူ့မောင်ကို လူတွေကိုယ့်ကိုကိုယ်သတ်သေကြတဲ့ ဝောာအုပ်တစ်ခုကို ခေါ်သွားပြီး အစီအရင်တွေပြုလုပ်ကာ ခွေးလေးကို ငရဲပြည်ကနေပြန်ခေါ်ဖို့ ပြုလုပ်ပါတော့တယ်

အဲ့လိုနဲ့ တောအုပ်ထဲမှာ ကိုယ့်ကိုကိုယ်သတ်သေဖို့လုပ်နေသူ လူသားစားသူတွေနဲ့ ရင်ဆိုင်ရတာကို ကြည့်ရှူရမှာပါ နောက်ဆုံး အမဖြစ်သူဟာ နတ်ဆိုးတွေလိုက်နေတာကြောင့် တောအုပ်ထဲကို ထွက်ပြေးကာ ရွက်ဖျင်တဲထဲ ဝင်ပုန်းနေရင်း သူ့မောင်လေး ဝင်လာတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ချလိုက်ပြီးနောက် ရုပ်ရှင်ပြီးသွားပါတယ် အဲ့နောက် Asaroth လို့ခေါ်တဲ့ နတ်ဆိုးတစ်ပါးအကြောင်း Dcoumentary ပါလာပါတယ်

ပြောကြတာကတော့ ဒီကားထဲမှာ လူတိုင်းနားမလည်နိုင်တဲ့ မြုပ်ကွက်တစ်ခုထည့်ထားပြီး အဲ့ဒါကို နားလည်တဲ့လူဟာ တစ်နည်းနည်းနဲ့ သေဖို့အကြောင်းဖြစ်လာပါတယ်တဲ့ ခုချိန်မှာ မူလဖလင်လိပ်တွေနဲ့ ကော်ပီတွေဟာ ဘယ်ရောက်ကုန်မှန်းမသိတာကြောင့် ကြည့်မရတော့ပါဘူး ဒါပေမဲ့ 2018 ခုနှစ်က ပြန်ရိုက်ထားတာကိုတော့ အလွယ်တကူ ကြည့်ရှူနိုင်ပါတယ်





