Toy Story ဇာတ်ကားတွေကို ကြည့်ဖူးကြပါသလား အရုပ်ကလေးတွေ အသက်ဝင်ပြီး ကိုယ့်ပိုင်ရှင်ကိုလိုက်ရှာ စွန့်စားခန်းတွေ ထုတ်ကြပြီး အရုပ်တွေရဲ့ ကမ္ဘာက အခက်အခဲတွေကို ကလေးတွေရော လူကြီးတွေပါ စကြည့်မိတာနဲ့ မျက်နှာ မလွှဲချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေးတွေ ဖြစ်ပါတယ် အဲ့ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘတ်ဇ်လိုက်ရီးယား ဟာ တခါတလေ သူ့ကိုသူ အာကာသသူရဲကောင်းလို့ ထင်ထင်မိနေတာကို သတိထားမိကြမှာပါ အဲ့အပြင်သူဟာ အပြင်က ဘတ်ဇ်လိုက်ရီးယားလို့ခေါ်တဲ့ အာကာသသူရဲကောင်းတစ်ဦးရဲ့ အရုပ်ဆိုတာလည်း ဇာတ်ကားထဲမှာ ရှင်းပြထားပါတယ် အခုတော့ အဲ့ဒီ အာကာသသူရဲကောင်းအကြောင်း Animation ရုပ်ရှင်ကား ထွက်ရှိလာတော့မှာပါ သူ့နေရာမှာ အသံသရုပ်ဆောင်မှာကတော့ အဗန်ဂျာ ကပ္ပတိန် အမေရိက မင်းသား ခရစ်စ်အီဗန်ပါ

ဒီကားဟာ ဘတ်ဇ်လိုက်ရီးယား လူအကြောင်းကို ရိုက်ထားတာပါ အရုပ်အကြောင်းကို ရိုက်တာမဟုတ်လို့ အရင်တွဲမြင်နေရတဲ့ Woody တို့တော့ ပါမှာမဟုတ်ပါဘူး ဒါပေမဲ့ Toy Story ရဲ့ Reference လေးတွေ ပါမယ်လို့တော့ ထင်ပါတယ် လောလောဆယ်တော့ "To infinity and beyond"ဆိုတဲ့ စကားလေးကိုတော့ Trailer ထဲမှာ မြင်ရပါတယ် ခရစ်စ်အီဗန် ဒီဇာတ်ကားကို စမိတ်ဆက်ကာစ ၂၀၂၀ ဒီဇင်ဘာလောက်တုန်းကဆို ပရိသတ်တွေက ခရစ်စ်ဟာ Toy Story နောက်ကားတစ်ကားမှာ အရုပ်ကလေး ဘတ်ဇ်အဖြစ် သရုပ်ဆောင်မှာလို့ အမှတ်မှားခဲ့ကြပါသေးတယ် ဒါကို သူက ဒါဟာ အရုပ်ကအခြေခံထားတဲ့ တကယ့်လူအကြောင်းကို ရိုက်မှာပါလို့ တွစ်တာမှာ တင်ခဲ့ပါတယ်

ဒစ်စနေက ရိုက်ကူးတာဖြစ်တဲ့ ဒီကားဟာ ၂၀၂၂ ခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်မှာဖြစ်ပြီး လက်ရှိမှာ First Trailer ထွက်ထားပြီးပါပြီ Trailer ထဲက လူပုံကြောင့် ပရိသတ်တွေက Toy Story အဆက်ဆိုပြီးတော့ ထပ်အထင်မှားခဲ့ကြပါသေးတယ် Trailer မှာ မြင်ရတဲ့ ပုံစံအတိုင်းဆိုရင် ဘတ်ဇ်ဟာ Toy Story ဇာတ်ကားထဲကအတိုင်း နည်းနည်းလေးပဲ ကွာပါတယ် သူ့ရဲ့ ဝတ်စုံဟာလည်း နည်းနည်းအသေးစိတ်ကျသွားတာကလွဲလို့ Toy Story နဲ့ သိပ်မကွာပါဘူး

လာမဲ့နှစ်မှာတော့ ပရိသတ်အချစ်တော် မင်းသား ခရစ်စ်အီဗန်က ဘတ်ဇ်လိုက်ရီးယားအဖြစ် သရုပ်ဆောင်ထားပုံအပြင် တခြား ရုပ်ရှင်ကား တော်တော်များများမှာ တွေ့ရဦးမှာပါ ဒီသတင်းကိုကြည့်ပြီး ကောင်းဘွိုင်ရုပ်လေး ဝူဒီကိုတောင် ဇာတ်ကားတစ်ကား ထွက်စေချင်မိပါတယ် ခုမှကြည့်ရမဲ့ ကလေးတွေအတွက်ရော ငယ်ငယ်တုန်းက Toy Story ကိုကြည့်ဖူးပြီး ဒါကိုစောင့်နေတဲ့ လူတွေအတွက်ရော စောင့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာမယ် ထင်ပါတယ်