ဒီကနေ့ နိုဝင်ဘာလ (၈) ရက်နေ့ကတော့ ပြည်သူတွေ တင်မြှောက်ထားတဲ့ သမ္မတကြီးဦးဝင်းမြင့်ရဲ့ မွေးနေ့ပါ။November 8, 1951 မှာ မွေးခဲ့တဲ့ကြောင့် ဒီနေ့မှာတော့ အသက် (70) ပြည့်သွားခဲ့ပါပြီ ဖြစ်ပါတယ်။ ဦးဝင်းမြင့်ကိုအဖ ဦးထွန်းကြင်နဲ့ အမိ ဒေါ်သန်းတို့ကနေ မွေးဖွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ ဇာတိ ဖြစ်ပါတယ်။
ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ်မတ်လ ၂၁ ရက်အထိ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈ မတ်လ ၂၁ ရက်နေ့က သမ္မတ ဦးထင်ကျော် တာဝန်ကနေနုတ်ထွက်တဲ့နေ့မှာပဲ ဦးဝင်းမြင့်ဟာလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ခဲ့တာပါ။ မတ်လ ၂၃ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဦးဝင်းမြင့်ကို ဒုသမ္မတအဖြစ် ထောက်ခံမဲ ၂၇၃ မဲနဲ့ရွေးချယ်ခဲ့ပါတယ်။ မတ်လ ၂၆ ရက်မှာတော့ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ ဒု-သမ္မတအဖြစ်အတည်ပြု ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
၂၀၁၈ မတ်လ ၂၈ ရက်မှာတော့ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော် သမ္မတအဖြစ်မဲ အများစုနဲ့ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ 2021 မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သမ္မတကြီးဦးဝင်းမြင့်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေအားလုံးက သမ္မကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြတာဖြစ်ပြီး အမြန်ဆုံးလွတ်မြောက်ဖို့ ဆုမွန်ကောင်းတောင်းနေကြတာလဲဖြစ်ပါတယ်။