အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေဘာလီကျွန်းမှာ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့ မွန်းလွဲ (၁) နာရီကျော်လောက်မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း New York Post သတင်းက ဖော်ပြလာခဲ့ပါတယ်။ ငလျင် လှုပ်ခတ်မှုဟာ (၂)မိနစ်ခန့်ကြာခဲ့ပြီးနောက် လူနေအိမ် (၁၀) လုံးထက်မနည်း ပြိုကျပျက်စီးခဲ့သလို အနည်းဆုံး လူ (၃) ဦးလောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း (၇)ဦးလောက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်တဲ့ Karangasem ကျေးရွာက လူနေအိမ်များ ၊ ဘုရားကျောင်းများ ပြိုလဲခဲ့ပြီး အပျက်အစီးများဖြင့်ထိမှန်ခဲ့တဲ့ (၃) နှစ်အရွယ် မိန်းကလေးတစ် ဦးလည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့ကတော့ အဆိုပါ ငလျင်ဟာ ပြင်းအား (၄.၈) ရှိပြီးဘာလီဆိပ်ကမ်းမြို့ Singaraja ရဲ့ အရှေ့မြောက်ဘက် ၃၈.၅ မိုင်အကွာတွင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လူဦး ရေသန်း (၂၇၀) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏဆိုသလို ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများနှင့် ဆူနာမီလှိုင်းများဖြစ်ပေါ်လေ့ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ပြင်းအား (၆.၂) ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ (၁၀၅) ဦး သေဆုံးပြီး လူ(၆၅၀၀) နီးပါးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - New York Post