ယမန်နေ့ စက်တင်ဘာ (၃၀)ရက် က ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးက အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ယခုအချိန်ကာလမှာ ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းမှာ ယခင်ကလောက် မပြင်းထန်တော့ပဲ ရောဂါပိုးကူးစက်မှု ရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“ကျောင်းများပြန်လည် ဖွင့်လှစ်ရာမှာ ကျောင်းသား ၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မခံရစေဖို့နဲ့ ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန် ရည်ရွယ်ပြီး အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေး ဆောင်ရွက်လျက် ရှိပါတယ်။” ၎င်းက ထပ်မံ ပြောပါတယ်။ ယင်းကဲ့သို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးသွားရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနဲ့ ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ အမြန်ဆုံးပြီးမြောက် အောင်မြင်ရေးနှင့် စာရင်းဇယားများမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက် ဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။