လတ်တလော နေရာတချို့တွေမှာ ယာဥ်မတော်တဆဖြစ်ပွားတွေကလည်း နေ့စဥ်ဆက်တိုက်ဆိုသလို ဖြစ်လာတာ တွေ့ရပါတယ်။ တချို့ ယာဥ်မတော်တဆမှုတွေမှာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး လူသေဆုံးသွားတဲ့အထိ ရှိလာခဲ့ပါတယ်။ စက်တင်ဘာ (၃၀) ရက်နေ့ ညပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ ပြင်းထန်တဲ့ ယာဥ်မတော်တဆမှု တစ်ညတည်း (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ပထမ ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ ည (၉) နာရီခွဲအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းနှင့် ဂန္ဓမာလမ်းထောင့်မှာ ရပ်ထားတဲ့ အမှိုက်သယ်ယာဉ်ကို Crown အမျိုးအစား အိမ်စီးကာ တစ်စီးက ဝင်တိုက်မှုဖြစ်ခဲ့ပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အလားတူ ည(၁၀)နာရီခန့်လောက်မှာလည်း အမှတ်(၁၀) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံရှေ့ လမ်းဘေးမှာ ရပ်ထားတဲ့ စည်ပင်အမှိုက်သိမ်းယာဥ်အား MITSUBISHI PAJERO (အမျိုးအစား) အနက်ရောင်ယာဉ်မှ နောက်ကနေဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဥ်မှာတော့ ယာဥ်ခေါင်းခန်းမှာ လူ(၁)ဦးညှပ်နေတာကြောင့် မရမ်းကုန်းနှင့် တောင် ဥက္ကလာပ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ည (၁၀) နာရီ (၁၃) မိနစ် အချိန် ယာဉ်အတွင်းမှ ကျား(၁)ဦး (သေဆုံး)အား ထုတ်နိုင်ခဲ့ပြီး မိုးစေတနာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - MFSD