အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက်တွင် D Day ကြေညာပြီးနောက် ဒေသအသီးသီးတွင် စစ်ကောင်စီကို ခုခံသောတိုက်ပွဲများ ပြင်းထန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးပြင်းထန်တဲ့ နယ်မြေတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၂၅ ခု တွင် အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။
မကွေးတိုင်း နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်ကို (စက်တင်ဘာ ၂၃) ညနေ ၆ နာရီခန့်မှ စတင်ကာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက် လိုက်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူး၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့တွင် လည်း (စက်တင်ဘာ ၂၆) နံနက်ပိုင်းမှစတင်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရပါတယ်။ သြဂုတ်လအတွင်း ကချင် ပြည်နယ် ဖားကန့်မြို့ကို အင်တာနက်အသုံးပြုမှု ဖြတ်တောက်ထားရာ လက်ရှိအချိန်ထိ ပြန်လည်ရရှိခြင်းမရှိသေးပေ။
အဆိုပါ အင်တာနက်ဖြတ်တောက်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းစီးဆီးမှု အမှန်အကန်ပံ့ပိုးနေသူများကို UK အစိုးရက အကူအညီပေးမယ်လို့ စက်တင်ဘာလ (၂၈) ရက်က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ “ မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ထားမှုနဲ့ မီဒီယာလွတ်လပ်ခွင့် ဆက်လက်ကန့်သတ်ထားမှုတွေက ထိခိုက်လွယ်သောလူမှုအသိုက်အ၀န်းအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အဆိုပါကန့်သတ်ချက်တွေက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလနဲ့ တိုက်ပွဲဖြစ်ပေါ်နေတဲ့ နေရာဒေသတွေမှာ အသက်ကယ်သတင်းအချက်အလက်တွေကို လက်လှမ်းမှီရရှိနိုင်မှု ကျဆင်းစေပါတယ်။ သတင်းအချက်အလက် ရရှိနိုင်မှုလျော့ကျခြင်းက မြန်မာပြည်သူလူထုရဲ့ စီးပွားရေး နဲ့ အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ လွတ်လပ်ပြီး စစ်မှန်သောသတင်းအချက်အလက် စီးဆင်းမှုကို ပံ့ပိုးပေးနေသူများကို UKအစိုးရက ဆက်လက်ကူညီပေးသွားပါမယ်” လို့ ပါရှိပါတယ်။
အင်တာနက်ဖြတ်တောက်မှုတွေနဲ့ပတ်သတ်ပြီး ဘာကြောင့်ဖြတ်တောက်ထားတယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီလို မိုဘိုင်းအင်တာနက်တွေ ထပ်မံ ဖြတ်တောက်လိုက်တာကြောင့် မြို့နယ်ပေါင်း ၂၅ ခု က ဒေသခံတွေက အရင်ကထက် ပိုခက်ခဲလာတယ်လို့ သိရပါတယ်။
Source : UK In Myanmar