ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့၊ မနက်ပိုင်းက မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ မန်မိုင်ရွာအနီးမှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအမျိုးသားက တံမြက်စည်း၊ကြက်တောင်မွှေးတွေကို ဆိုင်ကယ်နဲ့တင်ပြီး ရွာလှည့်ကာ စျေးရောင်းနေတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ကြူကုတ်-ပန်ဆိုင်းကနေ ကျင်စန်းကျော့သွားတဲ့လမ်းဘက် မန်မိုင်ရွာမှာ ဒီအမျိုးသားကို အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။


ဆိုင်ကယ်နဲ့ စျေးလှည့်ရောင်းနေစဥ် ပစ်ခတ်ခံလိုက်ရတဲ့ ဒီအမျိုးသားရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ သေနတ်ဒဏ်ရာ သုံးချက်တွေ့ရတာ ဖြစ်ပါတယ် ။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာကြောင့် သူ့ရဲ့ရုပ်အလောင်းကို မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီရေးအသင်းက သွားရောက်ကူညီပေးခဲ့ရတာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ လူမှုကူညီရေးအသင်းကပဲ ရုပ်အလောင်းကိုသယ်ဆောင်ပြီး မူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ် ။


အသက် (၃၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသားက စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်ဇာတိဖြစ်ပြီး မူဆယ်မြို့မှာ မိသားစုနဲ့အတူ နေထိုင်တဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။ အမည်မသိလူတစ်စုက ဒီအမျိုးသားကို အခုလိုမျိုး သေနတ်နဲ့ပစ်ခတ်သွားတဲ့အကြောင်းကိုတော့ အခုချိန်အထိ အတိအကျ မသိရသေးတာ ဖြစ်ပါတယ် ။ ဆိုင်ကယ်နဲ့ တံမြက်စည်းလှည့်ရောင်းနေရင်း သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader


