ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်စကတည်းက မှောင်အတိကျခဲ့တဲ့ မြန်မာပြည်ရဲ့ အနာဂတ်အတွက် မြန်မာပြည်သူပြည်သားတွေဟာ အာဏာရှင်ကို အစွမ်းကုန်တော်လှန်ခဲ့တာ အခုဆိုရင် (၈) လကျော် ကြာမြင့်လာခဲ့ပြီပဲဖြစ်ပါတယ်။ တိုင်းတပါးမှာရောက်နေတဲ့ မြန်မာပြည်သူတွေဟာလည်း လက်ရှိမြန်မာ့အရေးအတွက် စွမ်းစွမ်းတမံကြိုးစားရင်း မြန်မာပြည်က စစ်ဘေးရှောင်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်လေးတွေအတွက် ရတဲ့နည်းနဲ့ ပံ့ပိုးပေးနိုင်ဖို့ ကိုယ်တိုင်လည်းလှူသလို အများသွားလာတဲ့နေရာတွေမှာ အလှူခံပြီး ပြန်လည်ထောက်ပံ့တာတွေ လည်း လုပ်ခဲ့ကြပါတယ်။
ဒီနေ့မှာလည်း ဂျပန်ရောက်မြန်မာလူမျိုးတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက်ရည်ရွယ်ပြီး လူစည်ကားရာနေရာတစ်ခုမှာ အလှုခံခွက်ကလေးတွေကိုင်ပြီး အလှူခံခဲ့ပါတယ်။ လှူဒါန်းပေးကြတဲ့ ဂျပန်လူမျိုးတွေရဲ့ရက်ရောမှုကိုလည်း ခေါင်းလေးငုံ့ပြီး ရိုရိုကျိုးကျိုးလက်ခံနေပုံလေးက စိတ်မကောင်း ဖြစ်စရာပါပဲ။ တိုင်းတပါးမှာနေပြီး ကိုယ့်အလုပ်ကိုယ် အေးအေးလူလူလုပ်လို့ရပေမယ့် ကိုယ့်တိုင်းပြည်အတွက် ရတဲ့ဖက်ကကြိုးစားပေးနေတဲ့ သူတို့ရဲ့စိတ်ဓာတ်ဟာလည်း အတော်လေးကို လေးစားဖို့ကောင်းပါတယ်။
ဒီလိုအလှူခံနေတဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ကြတဲ့ပြည်သူအများဟာလည်း စိတ်မကောင်းဖြစ်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်းမှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ လူတိုင်းဟာ ကိုယ်မွေးဖွားကြီးပျင်း လာခဲ့တဲ့ တိုင်းပြည်ကိုချစ်ကြသူတွေမို့ တိုင်းပြည်အရေး တစ်ခုခုကြုံလာခဲ့ချိန်မှာ သွေးအေးအေးနဲ့ မနေနိုင်တော့ဘဲ ရတဲ့နည်းနဲ့ အဆင်ပြေစေဖို့ ကြိုးစားပေးကြပါတယ်။ ဂျပန်ရောက်မြန်မာလူမျိုးတွေရဲ့ ကြိုးစားမှုဟာ ဒီပုံရိပ်လေးတွေနဲ့တင် အရမ်းကိုကျေးဇူးတင်ဖို့ကောင်းနေပါပြီ။