ဖေဖော်ဝါရီ (၁)ရက် ၊ ၂၀၂၁ မှ စ၍ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုအောက် ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။တစ်နိုင်ငံလုံးရှိ ပြည်သူများဟာလည်း ဖေဖော်ဝါရီ (၄) ရက်နှင့် (၅)ရက်မှ စ၍ အာဏာထိန်းချုပ်မှုကို ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြပါတယ်။ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို စစ်ကောင်စီက မတ်လ၊ဧပရယ်လ နှင့် မေလများမှာ ဆက်တိုက် ဖြိုခွင်းခဲ့ပါတယ်။ထိုမှတစ်ဆင့် ဝရမ်းထုတ်ခံရသူများ၊ဖမ်းဆီးခံခဲ့ရသူများ၊ချုပ်နှောင်ခံထားရသူများနှင့် ကျဆုံးသူပေါင်းများစွာရှိလာပါတယ်။
ဒီလူတွေထဲမှာ ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများ၊ကျောင်းသားလူငယ် အစရှိသရွေ့ လူတန်းစား အမျိုးအစား ပေါင်းစုံပါဝင်နေပါတယ်။ဒါ့ကြောင့်လည်း ကျောင်းသားလူငယ်တွေဟာ အမြဲတစေ ပြည်သူလူထုအား သွေးမအေးအောင် ယခုကာလမှာ ပျောက်ကြားသပိတ်တွေနဲ့ သတိပေးလေ့ရှိကြပါတယ်။
ယမန်နေ့ စက်တင်ဘာ(၂၂) ရက်နေ့မှာလည်း လူငယ်တွေစုရုံးကာ ရှေ့တန်းမှာကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးအတွက် အောက်မေ့ဖွယ်အမှတ်တရ သပိတ်စစ်ကြောင်းပြုလုပ်ခဲ့ကြပါတယ်။ကျဆုံးရဲဘော် အမည်မှာ စိုင်းဉာဏ်လင်းသန့် ဖြစ်ပြီး သူဟာ စက်မှုလက်မှုသိပ္ပံ (မန္တလေး)ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဌ အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။ သူဟာ ဆန္ဒပြသပိတ်စစ်ကြောင်းများရှိစဥ်ကာလတည်းက အားတက်သရော လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ယခုအခါမှာလည်း ပြည်သူ့ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရာမှ စက်တင်ဘာ (၂၁)ရက်နေ့မှာ ရှေ့တန်းမှာကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြင့်မြတ်စွာကျဆုံးသွားတဲ့ ရဲဘော် အတွက် အောက်မေ့ဖွယ်သပိတ်စစ်ကြောင်းချီတက်ကာ အလေးပြုကြတဲ့ လူငယ်များရဲ့ ပုံရိပ်တွေကို ပရိတ်သတ်အနေနဲ့ ကြည့်ရှုခံစားပေးပါဦးနော်။