လက်ရှိပြည်တွင်းရေးအခြေအနေကို အခွင့်ကောင်းယူပြီး လောဘသားကောင်တချို့က ပြည်သူတွေဆီကနေခေါင်းပုံဖြတ်နေကြပေမယ့် တာဝန်သိပြည်သူတချို့ကတော့ အချင်းချင်းဖေးမကူညီပေးနေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုး ရိုင်းပင်းကူညီစိတ်ရှိကြတာကြောင့် ပြည်သူလူထုလည်း တစ်လပြီးတစ်လကြာမြင့်လာတဲ့ ဒီကာလကိုအားတင်းရင်ဆိုင်နိုင်တာဖြစ်ပါတယ်။တောထဲရောက်နေကြတဲ့ PDF ရဲဘော်တွေလည်း မကြာခင်မှာ အောင်ပွဲရဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။
PDF တွေအတွက် လိုအပ်မယ့်စစ်ဝတ်စုံ၊လက်နက်တို့အပြင် စားနပ်ရိက္ခာတွေကိုလည်း ပြည်သူတွေက ထောက်ပံ့လှူဒါန်းနေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ ဒီကာလမှာ စီးပွါးရေးကြပ်တည်းပေမယ့် ချွေးနည်းစာထဲကနေတတပ်တအားလှူဒါန်းကြတာကြောင့် PDF ရဲဘော်တွေလည်း အခက်အခဲတွေကြားကနေအားဖြည့်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထိုင်းနိုင်ငံက စက်ရုံတစ်ခုမှ အလုပ်လုပ်နေကြတဲ့ မြန်မာပြည်သူတွေက ရဲဘော်တွေအတွက် တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ရဲဘော်တွေလည်း တောထဲတောင်ထဲမှာ အစားအသောက်အဆင်မပြေကြတာကို ကြားသိရတာကြောင့် ထိုင်းရောက် မြန်မာပြည်သူတွေက အကြော်အလှော်လေးတွေပို့ပေးဖို့ စီစဉ်ကြတာဖြစ်ပါတယ်။PDF လူငယ်လေးတွေထမင်းစားမြိန်အောင်လို့ ကြက်သားဘာလချောင်ကြော်နဲ့ ငါးခြောက်ဖုတ်ဆီစိမ်များကို အရသာရှိအောင် သေချာကြော်လှော်ကြတာဖြစ်ပါတယ်။သူတစ်ပါးနိုင်ငံကိုရောက်ရှိနေပေမယ့်လည်း မြန်မာပြည်သူတွေနဲ့အတူ တတ်နိုင်သလောက်ကူညီပေးနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder