PDF ရဲဘော်တွေများစွာ ခိုလှုံပြီး စစ်ပညာများသင်ကြားနေတဲ့ ကရင်ပြည်နယ်အတွင်းမှာတော့ အာဏာရှင်လူတစ်စုဘက်က လတ်တလောမှာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ ဒီလို ထိုးစစ်ဆင်မှုကြောင့် မြို့နယ်တချို့က ကျေးရွာတွေမှာ ထိတွေတိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီး နှစ်ဘက်အကျအဆုံးလည်းရှိခဲ့သလို ဒေသခံပြည်သူများလည်း စစ်ဘေးရှောင်ရှားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်အတွင်းမှာ KNU ရဲ့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက အာဏာရှင်လူတစ်စုဘက်က စစ်ရေးအရ လေကြောင်းတိုက်ခိုက်ခံရမှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်၌ ထိတွေ့တိုက်ပွဲဖြစ်လာပါက စစ်ဘေးရှောင်နိုင်ရန်အတွက် မိသားစုတိုင်းကို သတိအနေအထားဖြင့် ပြင်ဆင်နေထိုင်ကြရန် လိုက်လံသတိပေး ပြောကြားထားကြောင်း ကြားသိရပါတယ်။
ဒီလိုလိုက်လံ သတိပေးမှုတွေဖြင့် တိုက်ပွဲဖြစ်
လာမှာကို စိုးရိမ်နေကြတဲ့ လေးကေကော်မြို့သစ်က မယ်ထော်သလေး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ ကျေးရွာများတွင် နေထိုင်ကြတဲ့ ဒေသခံပြည်သူများဟာ မိမိတို့ရဲ့ နေအိမ်ခြံဝန်းများအတွင်း ဗုံးခိုကျင်းများ တူးထားကြတဲ့အပြင် စားနပ်ရိက္ခာ စုဆောင်းခြင်း၊ အသိမိတ်ဆွေများရှိရာ အခြားရပ်ရွာဒေသများသို့ စစ်ဘေး ရှောင်တိမ်းဖို့ ပြောင်းရွှေ့ထားရန် ပြင်ဆင်ထားခြင်းများ လုပ်ဆောင်နေကြကြောင်း သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - KIC