လွန်ခဲ့တဲ့ ၆လ ယနေ့လိုနေ့ မွန်းလွဲ ၁၂နာရီခွဲမှာ ပြည်မြို့ က မောင်ထက်မြတ်အောင်တစ်ယောက် ပြည်မြို့မှာပဲ ကျဆုံးခဲ့ပါတယ်။သူဟာ တစ်ဦးတည်းသော သားဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ် ကျောင်းသားဖြစ်ပါတယ်။ရေကြောင်းစက်မှုပညာဘာသာရပ်ကို အထူးပြုလေ့လာနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ဘောလုံးအားကစားကိုလည်းနှစ်သက်သူဖြစ်ပါတယ်။
ပြည်မြို့ ခရမ်းကုန်းခံတပ်ဖြိုခွင်းခံရစဉ်က သူဟာ ရဲဝံ့စွာရှေ့တန်းမှာနေပြီး အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းဖြစ်ပါတယ်။ဖြိုခွင်းခံရစဥ် ကျည်ထိမှန်ခဲ့ပြီး ဆေးရုံသွားနေစဥ်လမ်းမှာတင် သူဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။သူ ကျဆုံးစဥ်ကလည်း ကျောင်းသားပြည်သူများအားလုံးက ကိုယ့်အမျိုးအရင်းသဖွယ် ပူဆွေးဝမ်းနည်းခဲ့ကြရပါတယ်။အသက်ငယ်ပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံလွန်းတာကြောင့် ပြည်သူအားလုံးက သူ့ကို လွမ်းဆွတ်သတိရပြီး လေးစားဂုဏ်ယူလျက်ရှိပါတယ်။
ယနေ့မှာဆိုရင်လည်း သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သူ့ရဲ့ မိဘဆွေမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများက ပြန်လည်မျှဝေရင်း သူနဲ့ပတ်သက်တဲ့အမှတ်တရများကိုလွမ်းဆွတ်နေကြပါတယ်။ကျောင်းသားပြည်သူတွေကလည်း သူ့ရဲ့ကျဆုံးမှုအလကားမဖြစ်ရလေအောင် ကြိုးစားပါ့မယ်လို့ ကတိကဝတ်ပေးနေကြတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။သူရဲကောင်း မောင်ထက်မြတ်အောင်နဲ့ပတ်သက်တဲ့ အမှတ်တရတချို့ကိုလည်းထည့်သွင်းဖော်ပြပေးထားပါတယ်။