ပိုက်ဆံတပြားမှမကုန်ပဲ အသားအရည်လှဖို့ဆို လူတိုင်းက စိတ်ဝင်စားကြတယ်ဟုတ်?ဒီနေ့မှာတော့ အသားအရည်ကို သဘာဝအတိုင်းနုပျိုကြည်လင်နေစေမယ့် နည်းလမ်းငါးမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးဝဝအိပ်ခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းစွာဆောင်ရွက်ပေးနိုင်လို့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုမှ လျှော့ချပေးနိုင်ပါတယ်။တစ်နေ့ကို ၈နာရီပြည့်အောင်အိပ်ပေးသင့်ပါတယ်။အိပ်ရေးဝဝအိပ်ခြင်းဟာ Panda Eye လေးတွေ ဖြစ်တာ သက်သာစေတဲ့အပြင် မိမိကိုယ်ကို နုတယ်လို့ ပိုခံစားရစေတာပေါ့။
၂။ရေများများသောက်ပါ။
ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့ရေပမာဏကို လုံလောက်အောင်သောက်ပေးပါ။ဒါမှသာ သွေးထဲက အဆိပ်အတောက်တွေက ခန္ဓာကိုယ်ပြင်ပကိုရောက်သွားပြီး အသားအရည်လေးက ရေလိုကြည်နေမှာနော်။
၃။ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကျစ်လျစ်လှပရုံသာမက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေက ချွေးနဲ့အတူ ရောပါထွက်သွားတာကြောင့် အသားအရည်လေးကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်သူအများစုဟာ လေ့ကျင့်ခန်းမလုပ်ဖြစ်သူတွေထက်ပိုမိုနုပျိုလေ့ရှိကြကြောင်းလည်းစာတမ်းတွေထဲမှာဖော်ပြလေ့ရှိကြပါတယ်။
၄။မနက်စာပုံမှန်စားပေးပါ။
မနက်စာပုံမှန်စားပေးခြင်းဟာ အင်မတန်အရေးကြီးပါတယ်။မနက်စာ မစားတာကြာလာတာနဲ့အမျှ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုပိုမိုဖြစ်စေလာနိုင်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေလည်းလျော့ကျစေပါတယ်။ဒါကြောင့်မို့ မဖြစ်မနေ မနက်စာ စားပေးဖို့ ပြောပါရစေ။
၅။ကဖင်းဓာတ်ကိုလျှော့ချပေးပါ။
ကဖင်းဓာတ်ဟာ လူတစ်ယောက်မှာ လိုတာထက်ပိုသွားတဲ့အခါမျိုးမှာ အဲ့လူကို ပိုမိုအိုမင်းရင့်ရော်စေလာပါတယ်။ဥပမာအနေနဲ့ပြောရရင် တစ်နေ့ကော်ဖီ၃ခွက်သောက်နေရာက ၂ခွက် သို့မဟုတ် ၁ခွက် ပြောင်းသောက်ကြည့်ပါ။ ကဖင်းဓာတ်ကိုလျှော့ချပေးတာနဲ့ သိသိသာသာကိုပဲ သင့်ရဲ့ အသားအရည်ဟာ အရင်ထက်ပိုကြည်လင်တာသတိထားမိပါလိမ့်မယ်။
ဒီနေ့တင်ပြတဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။