ကိုဗစ်ရောဂါကူးစက်မှုတွေ အရင်ကထက် လျော့နည်းသွားပြီဆိုပေမယ့် နယ်ဘက်ကျေးရွာတွေမှာတော့ ကိုဗစ်ရောဂါတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။မိုးတွင်းကာလကိုရောက်ရှိနေပြီး မိုးတွေသည်းထန်စွာရွာသွန်းမှုကြောင့် ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေသယ်ယူရာတွင်လည်း အခက်အခဲတွေများစွာရှိနေပါတယ်။ ယခုမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့၊ တာဝကျေးရွာက လူငယ်လေးတွေဟာ တာဝချောင်းကို ဖြတ်ပြီး အောက်ဆီဂျင်အိုးတွေကို သက်စွန့်ဆံဖျားနဲ့ ကြိုးစားသယ်ယူပေးနေကြပါတယ်။



အလှူရှင်တွေလှူဒါန်းပေးလိုက်တဲ့ ဆေးဝါးတွေ၊အခြေခံစားသောက်ကုန်တွေနဲ့ အောက်ဆီဂျင်အိုးတွေကို ကိုဗစ်လူနာတွေအတွက် လူငယ်လေးတွေက အခက်အခဲတွေများစွာကြားကပဲ ကြိုးစားပမ်းစား သယ်ယူပေးနေခဲ့တာဖြစ်ပါတယ်။တောင်ကျချောင်းရေတွေကြောင့် သွားရေးလာရေးခက်ခဲနေချိန်မှာ အဆိုပါလူငယ်လေးတွေက အောက်ဆီဂျင်အိုးတွေကို ကားတာယာကျွတ်တွေ ပေါ်တင်ပြီး ချောင်းကိုဖြတ်ကူးကာ ကိုဗစ်လူနာတွေဆီ အရောက်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်လို့ အဆိုပါအောက်ဆီဂျင်အိုးတွေ မရောက်လာရင် တာဝရွာက ကိုဗစ်လူနာ(၉)ဦးဟာ အောက်ဆီဂျင်ပြတ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။



ယခုမှာတော့ လူငယ်လေးတွေရဲ့ ကြိုးကြိုးစားစားသယ်ယူပေးမှုကြောင့် အောက်ဆီဂျင်အိုးတွေဟာ ကိုဗစ်လူနာတွေဆီ ရောက်ရှိသွားခဲ့ပြီး တာဝကျေးရွာက ကိုဗစ်လူနာတွေဟာလည်း အသက်ဆက်ရှင်ခွင့် ရရှိခဲ့ပါတယ်။ ပြည်သူတွေကတော့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေကို ခက်ခက်ခဲခဲသယ်ယူပေးနေကြတဲ့ တာဝကျေးရွာက လူငယ်လေးတွေကို ချီးကျူးနေကြပါတယ်။ လူတစ်ရပ်ကျော်တဲ့အထိ နစ်တဲ့ ချောင်းကိုဖြတ်ပြီး အောက်ဆီဂျင်အိုးသယ်ပေးနေကြတဲ့ တာဝကျေးရွာက လူငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder


