အညံ့မခံလိုစိတ်နဲ့ အသက်ရင်းသွားခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် (၄၄) လမ်းက သူရဲကောင်းငါးယောက်အတွက် တစ်နိုင်ငံလုံးက ဒီမိုကရေစီမြတ်နိုးသူတွေရဲ့မျက်ရည်ဟာ ယနေ့ထက်တိုင်မတိတ်နိုင်သေးပါဘူး။ ဒီနေ့မှာလည်း လောင်းလုံ၊ ထားဝယ်က ဆန္ဒပြပြည်သူတွေဟာ " တိုက်ပေါ်ကတောင် အလွတ်ကြီး ခုန်ချရဲသေးတာပဲ။ ငါတို့က လမ်းပေါ်ထွက်ဖို့ ဘာလို့ကြောက်နေမှာလဲ " ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ လမ်းမပေါ်ကို အင်တိုက်အားတိုက် ပြန်လည်ထွက်လာခဲ့ကြပါတယ်။

အခွင့်မသာလို့သာ ငြိမ်နေရပေမယ့် ပြည်သူတွေဟာ မတရားစတေးခံလိုက်ရတဲ့ အသက်တစ်ချောင်းချင်းစီ အတွက် ဘယ်တုန်းကမှသွေးမအေးခဲ့ပါဘူး။ အာဏာရှင်ကို အဆုံးထိတော်လှန်ကြဖို့ အသင့်ဖြစ်နေ ခဲ့ကြတာပါ။ စစ်ပညာတွေကို ကြိုးစားပန်းစားသင်ယူနေတဲ့ PDF တပ်သားတွေဟာလည်း ပြည်သူတွေရဲ့ မေတ္တာတွေကြောင့် ပင်ပန်းကြမ်းတမ်းမှုတွေကို အားတင်းပြီးကြိုးစားနေခဲ့သလို ပြည်သူတွေဟာလည်း သူတို့ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပြီး လှူဒါန်းမှုတွေ မပြတ်လုပ်ပေးနေခဲ့ပါတယ်။

အနယ်နယ်အရပ်ရပ်က ဆန္ဒပြပွဲတွေဟာ ပြောက်ကျားပုံစံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ကြောင်း အာဏာရှင်ကို အသိပေးနေခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ပြည်သူ့သူရဲကောင်း တစ်ယောက်ချင်းစီရဲ့ အသက်တွေ အလကားမဖြစ်စေဖို့နဲ့ အားလုံးအတွက် ထိုက်တန်တဲ့တရားမျှတမှုကို ပြည်သူလူထုတစ်ရပ်လုံးက ပြန်ယူပေးဖို့ဆန္ဒရှိကြပါတယ်။ ကျဆုံးသွားသူတွေလည်း ကောင်းမွန်ရာ ဘုံဘဝမှာ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေ။

သတင်း အရင်းအမြစ်៖ Min Han Htet's FB Acc





