ယနေ့၊မနက်ပိုင်းမှာတော့ ပြည်သူတွေကို ဝမ်းနည်းစေခဲ့တဲ့ စိတ်မကောင်းစရာသတင်းလေးကို ထပ်မံကြားသိခဲ့ရပါတယ်။အဲ့ဒါကတော့ ဆရာဝန်ကြီး နာဂသိန်းလှိုင် မနက်(၉)နာရီ၊(၁၀)မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်းပဲဖြစ်ပါတယ်။ဆရာဝန်ကြီးက အသက်ရှိစဉ်ကာလတစ်လျှောက်လုံးမှာ ပြည်သူလူထုအကျိုးအတွက် ဦးစားပေးကာ ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေကိုလည်းသွားရောက်ပြီး ဆေးကုသပေးခဲ့တဲ့ နှလုံးလှဆရာဝန်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ပြည်သူလူထုလည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။


ဆရာဝန်ကြီးရဲ့နာမည်မှာ နာဂသိန်းလှိုင်လို့ အမည်တွင်ခဲ့ပုံကလည်း လမ်းပန်းဆက်သွယ်ရေးသွားလာရခက်ခဲတဲ့နာဂတောင်တန်းဒေသတွင် (၁၉၆၅)ခုနှစ်မှ (၁၉၇၁)ခုနှစ်အထိ (၆)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။နာဂဒေသမှာ အဖြစ်များတဲ့ လည်ပင်းကြီးရောဂါသည်များကိုလည်း ဆရာကြီးက ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပါတယ်။ခွဲစိတ်ကုသမှုကို လက်မခံ၊မယုံကြည်တဲ့ နာဂလူမျိုးတွေကိုလည်း ပြောဆိုစည်းရုံးပြီး အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့နိုင်လို့ နာဂနတ်၊နာဂသိန်းလှိုင်ဟု ကျော်ကြားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ပေးတဲ့ ဒေါက်တာနာဂသိန်းလှိုင်ကို နာဂအဖွဲ့အစည်းမှလည်း ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သေးတာဖြစ်ပါတယ်။



ဆရာဝန်ကြီးကတော့ ပစ္စည်းကိရိယာမစုံလင်တဲ့ဒေသတွေမှာ ဓားတစ်လက်တည်းနဲ့ လူနာတွေကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်လို့ ဓားဘုရင်လို့လည်း အမည်တွင်ခဲ့ပါတယ်။အခုလိုမျိုး ကောင်းသတင်းများစွာနဲ့သာကျော်ကြားခဲ့ပြီး ဆေးလောကမှာ မသိသူမရှိတဲ့ ဆရာဝန်ကြီးကွယ်လွန်သွားခဲ့တာကို အရမ်းနှမျောမိပါတယ်။ဆရာဝန်ကြီးရဲ့အသက်က ကွယ်လွန်ချိန်မှာ (၈၈)နှစ်ရှိနေပြီဖြစ်ပြီး ဘဝတစ်လျှောက်လုံး အများကောင်းကျိုးအတွက်သာ ဆောင်ရွက်ခဲ့တဲ့ ဆရာဝန်ကြီး နာဂသိန်းလှိုင်ရဲ့ သတင်းလေးကို ဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit:Dr.Naga Thein Hlaing’s Fb acc





