အာဏာသိမ်းမှုဖြစ်စဉ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ယနေ့ထက်တိုင် နိုင်ငံရေး အရှုပ်အထွေးများစွာကြားထဲမှာ ပြည်သူတွေဟာအတော်လေးကို ဒုက္ခများနေခဲ့ကြပါတယ်။ ထို့အတူပဲ ပြည်သူ့အောင်ပွဲအတွက် အဖက်ဖက်ကကြိုးစားပေးနေကြတဲ့ PDF လူငယ်တွေဟာလည်း တောထဲမှာ ဒုက္ခများစွာ အခက်အခဲများစွာရင်ဆိုင်နေခဲ့ရပြီး အိမ်နဲ့ဝေးနေရတာကြောင့်လည်း အိမ်လွမ်းတဲ့စိတ်နဲ့ အစစအရာရာအဆင်မပြေဖြစ်နေခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေဟာ PDF လူငယ်တွေအတွက် တတ်နိုင်တဲ့ဖက်က ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ကြပါတယ်။ သို့ပေမယ့် စစ်ဆေးမှုတွေရှိနေတာကြောင့် နေရာစုံအောင် မရောက်နိုင်တာမို့ လှူဒါန်းထောက်ပံ့မှုတွေ လိုအပ်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေလည်း အနည်းနဲ့အများရှိနေခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်တွေကိုအခြေခံပြီး PDF လူငယ်တွေအတွက် ခံပြင်းစိတ်ဖြစ်မိတဲ့ ပြည်သူတစ်ဦးဟာ " အိမ်မပြန်ရတာ (၄) လကျော် (၅) လထဲ ရောက်ပြီ မင်းတို့တွေပျော်နေတာမြင်တော့ငါတို့ဝမ်းသာပါတယ် ဒါပေမယ့်ကွာလူပဲကွာ တခါတလေ ငါတို့မနာလိုဒေါသထွက်တာပေါ့ ငါတို့တွေကကျပေးဆပ်နေရတာ အသက်ပဲသေမလား ဘယ်ချိန်များ လာဖမ်းမလဲ အေ့ငါတို့လိုပဲကွတခြားသူတွေလည်းအများကြီးပဲ အသက်တွေဘဝတွေ ရင်းနှီးထားကြတဲ့လူတွေ ပျော်ကြပါမင်းတို့တွေ ဒါပေမယ့်ကွာငါတို့တွေအတွက်လည်း ကြည့်ပေးပါဦးကွာ ငါတို့ကဒါနိုင်မှအိမ်ပြန်ရမှာကွ ပျော်နေတဲ့မင်းတို့က ရှုံးရှုံးနိုင်နိုင် အိမ်မှာအေးဆေးနေလို့ရတယ်ကွာ " ဆိုပြီး သူ့ရဲ့ရင်တွင်းခံစားချက်တစ်ချို့ကို ပြောပြလာခဲ့ပါတယ်။

ဒီနောက်မှာလည်း သူတို့ရဲ့လိုအပ်ချက်ကို ဝိုင်းဝန်းဖြည့်ဆည်းပေးကြဖို့အတွက် " ရှုံးခဲ့ရင်ငါတို့တွေ ဘယ်နေရာမှနေစရာမရှိဘူး ဒီကောင်တွေနိုင်သွားရင်တော်လှန်ရေးသမားတွေကို ဆက်ပြီး မြေလှန်ရှာနေဦးမှာပဲပိုက်ဆံရှိရင်တောင်ကွာ နိုင်ငံခြားမှာသွားရှောင်လို့တောင်ရချင်မှရလိမ့်မယ် ဒီတော့ကွာ ငါတို့တွေလည်းနိုင်အောင်တိုက်ယူရမယ် မင်းတို့တွေကလည်း အနောက်ကနေ ပျော်တာလည်းပျော် PDF တို့ STF တို့ကို အနောက်ကနေထောက်ပံ့ပေးကြပါကွာ မိသားစုတွေ၊သားသမီးတွေနဲ့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာပြီးနေနေရတဲ့သူတွေအတွက်မင်းတို့စာနာပေးကြပါကွာ လူသားအချင်းချင်းပဲစာနာတဲ့စိတ်လေးတော့ ထားပေးကြပါကွာ " ဟုဆိုကာ တောင်းဆိုလာခဲ့ပါတယ်။ ပြည်သူတွေဟာလည်း ဝိုင်းဝန်းလှူဒါန်းပေးမယ့် အကြောင်းနဲ့ စိတ်ဓာတ်မကျဖို့ အားပေးစကားတွေ ပြောပေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်៖ Jack's FB Acc





